Wednesday, November 28, 2012

ပဲများတဲ့ ခေတ်

by Lay Pyay Thone on Saturday, November 24, 2012 at 1:02pm ·
မိုနိုပိုလီကစားနိုင်တော့  ခရိုနီဖြစ်တယ်...
ဂျင်လောင်း ဖဲရိုက်တော့  လောင်းကစားသမားတဲ့ ...
အရက်လေးသောက်မိပါတယ်...နှာခေါင်းရှုံ့ ချင်ကြ
ပိုက်ဆံလေးလိုလို့  နှစ်လုံးထီလေးထိုးမိပါတယ်...
ချဲလေးထိုးမိပါတယ်...ထောင် ၂ နှစ်တဲ့ ...

ဆေးခြောက်လေးရောင်းမိပါတယ်...ထောင်
အရက်ပုန်းလေးရောင်းမိပါတယ်...ထောင်
ပန်းဆိုးတန်းမှာ...သီရိမင်္ဂလာဈေးမှာ...မတ်တပ်လေးရပ်မိတဲ့ ကောင်မလေးတစ်ယောက်...ထောင်
ကိုယ်ကချိန်လိုက်တိုင်း သူများနဲ့ ငြားငြားသွားသလို...
အိပ်မက်တွေက မရေရာ...
ခေတ်ကိုက...သီချင်းကြယ်ကြယ်မဆိုရဲ...ဂစ်တာမတီးရဲ...ဆံပင်ရှည်မထားရဲ...

သောင်မတင်ရေမကျပါ...ခင်သန္တာရယ်...
မင်း...ထဘီ ရှည်တော့လည်း...ရှည်လို့ 
ထဘီတိုတော့ လည်း...တိုလို့ ဆိုပြီး၊
ပီကေစား...စားပြန်ပြီ
သီချင်းဆို...ဆိုပြန်ပြီ
လက်ဖက်ရည်ဆိုင်ထိုင်...ထိုင်ပြန်ပြီ
ဆံပင်ညှပ်...ညှပ်ပြန်ပြီ
ရုပ်ရှင်ကြည့်...ကြည့်ပြန်ပြီ...နဲ့ 
ခိုးလုပ် ခိုးကြည့် ခိုးတွေ့ ရတဲ့ ခေတ်လေ...ခင်သန္တာ...

ဒီအလေးမမှန်ဘူးလို့  မင်းဘယ်သူ့ ကိုပြောရဲလို့ လဲ
ဒီချိန်ခွင်ခိုးတယ်လို့ ရော မင်းပြောနိုင်ခဲ့ လို့ လား
အကိုရယ်...ဈေးဝယ်ရတာအကုသိုလ်များလိုက်တာ...လို့  မင်းပြောတော့ 
ငါ...ကြောင်ပြီးကြည့်နေရုံကလွဲလို့ 
ဘာများရော တတ်နိုင်ဦးမှာတဲ့ လဲ...
ခေတ်ကိုက ခပ်လွဲလွဲ
ပဲကလည်း ခပ်များများ.......

ကိုယ့် ကိုယ်ကိုသာ...သနားကြပါ များသတ္တ၀ါ...
လောဘ ဒေါသ မောဟ ဆိုတာ...
လောင်မီးကိလေသာ...တစ်ဝုန်းဝုန်းတောက်လောင်တာ.......

သီချင်းသံကတော့  ငါတို့ ကိုအချက်ပြနေပြီ ခင်သန္တာ...
နာနာလေး ဆိုပေးလိုက်ပါ.........

လေပြေသုန်
၂၄ နိုဝင်ဘာ ၂၀၁၂

Friday, November 23, 2012

အိတ်ဖွင့် ကဗျာ

by Ad Thit on Friday, November 23, 2012 at 9:06am ·
အိတ်ဖွင့်ကဗျာ

အဝေးပြေးလမ်းမကြီးနံဘေးမှာ
ဖုန်မှုန့်အထပ်ထပ်နဲ့မတ်တပ်ရပ်နေတဲ့ ချုံပုတ်တွေဟာ ငါတို့ပဲ…
သစ်လုံးတင်ကားကြီးတွေဖြတ်သန်းတိုင်း
ကန္တာရဆန်ဆန်သွားတဲ့စိတ်တွေကို ဘာနဲ့ပြန်စိမ်းမလဲ…။

ဓါတ်ငွေ့ပိုက်လိုင်းကြီးတလျှောက်မှာ
အစာအိမ်ပေါက်သွားတဲ့ယာခင်းလယ်ကွက်တွေဟာငါတို့ပဲ..
ရင်းနှီးမြှုပ်နှံမှုပါဝါဓါးချက်တိုင်း
အပိုင်းပိုင်းပြတ်ထွက်သွားတဲ့စိတ်တွေကို ဘာနဲ့ပြန်ဆက်မလဲ…။

ငါးပေးပါ အစာပေးပါလက်အုပ်လေးချီကာချီကာ
တိရိစ္ဆာန်ရုံထဲကပျော်တော်ဆက်ဖျံလေးတွေဟာ ငါတို့ပဲ..
အကူအညီ ကြွေးမြီတ၀ိုင်းဝိုင်းထဲ
စားရမှာသဲတရှပ်ရှပ်စိတ်တွေကို ဘာနဲ့ပြန်ဆေးမလဲ..။

မြစ်ရေစီးကြောင်းနဲ့ဝေးရာ
တရွေ့ရွေ့ဆုတ်ခွာနေရတဲ့ဆိပ်ကမ်းတွေဟာ ငါတို့ပဲ..
မဟာဓါတ်အားကြိုးလိုင်းမော့ကြည့်တိုင်း
မှောင်အတိကျကျသွားတဲ့စိတ်တွေကို ဘာနဲ့ပြန်လင်းမလဲ..။

သောက်လေငတ်မပြေပင်လယ်ကြီးထဲမှာ
မိုင်းထိထားတဲ့မျိုးဆက်ဟာ ငါတို့ပဲ..
ပေါက်ထွက်သွားတဲ့အိုဇုန်းလွှာအတိုင်း
စုတ်ပြဲနေတဲ့စိတ်တွေကိုဘာနဲ့ပြန်ဖာမလဲ..။

သတင်းနဲ့နည်းပညာခေတ်ကြီးမှာ
ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတာငါတို့ပဲ..
တစ်စုံတစ်ခုအသစ်အဆန်းပေါ်လာတိုင်း
လဲပြိုသွားတဲ့စိတ်တွေကို ဘာနဲ့ပြန်မတ်မလဲ..။

ကိုယ့်ဒေသကိုယ့်နေရာစွန့်ခွာ
ကျွဲနှစ်ကောင်ခတ်နေတဲ့ကြားထဲမြေစာပင်ဟာငါတို့ပဲ..
ကျည်သံ အမြောက်သံကြားရတိုင်း
အရူးမီးဝိုင်းနေတဲ့စိတ်တွေကို ဘာနဲ့ပြန်လျော်မလဲ..။

ကမ္ဘာမကြေ ဗမာပြည်ကို အရသာရှိရှိဆိုပါရစေ။      ။

                                                            အေဒီသစ်
                                                        ၂၂၁၁၁၂

ကျနော့်လက်ပူမိနေလို့လားမသိ သူမဆံပင်လေးတွေ သိပ်ပြီး ရှည်မလာတော့ဘူး

by တာ ယာ on Friday, November 23, 2012 at 10:23am ·
ကျနော့်လက်ပူမိနေလို့လားမသိ သူမဆံပင်လေးတွေ သိပ်ပြီး ရှည်မလာတော့ဘူး







လတ်တလောအခြေအနေက အရမ်းပဲ အဖိတ်အစင်များလွန်းတယ်
မိနစ်အနည်းငယ်စာ အချိန်ကြားပိုင်းကလေးကို တောင့်ခံထားနှိုင်ဖို့
ကိုယ်ရော စိတ်ပါ မကျန်းမာခဲ့ပါဘူး
ပေါက်ကွဲအားကောင်းတဲ့ ယမ်းတွေသွပ်ပြီး ထန်းခြောက်ပင်ကို ဖောက်ခွဲပစ်လိုက်တယ်
လူငယ်ဘ၀လေးဟာ ပြာမှုန်တွေလို လွင့်လို့
မစားဖြစ်ခဲ့တဲ့ သစ်သီးတိုင်းဟာ ချိုနေပါလိမ့်မယ်
မိုက်တွင်းဟာ နက်သထက် နက်လို့လာပါပြီ
ကိုယ့်ကိုကိုယ် ဆယ်ယူလိုက်တယ်
ခဏနေတော့ ပြန်နှစ်ချလိုက်တယ် သိပ်ပျော်စရာကောင်းတာပဲ
ပေါင်မှာထိုးထားတဲ့ တက်တူးကို သူမ မသိစေခဲ့တာဟာ
လူငယ်တစ်ယောက်ရဲ့ အနုညံ့ဆုံး ရိုးသားမှု
ကန်ထဲကိုတော့ ခဲလုံးကလေးတွေ ပစ် ပစ် ချဖူးပါတယ်
ဆံနွယ်တို့ရဲ့ တိုခြင်း ၊ ရှည်ခြင်း ကြားက ကွာဟချက်မှာ
ယဉ်ကျေးမှု့မဟုတ်ပဲ ဂုတ်သားဖွေးဖွေးသာဖြစ်ကြောင်း သိရှိပြီးနောက်
အိမ်မက်ဆိုးတွေ သိပ်မမက်ဖြစ်တော့ သလိုပဲ
ဘယ်လို အစီအရင်နဲ့များ မွှေးညှင်းစိမ်းတို့အား စိုက်ပျိုးထားခဲ့ပါသလဲ
အထားအသိုမှားနေတဲ့ ၀ိဘတ်ကလေးကို ဖိချေပစ်လိုက်တယ်
မျက်ရည်တံခါးနဲ့ ပိတောက်ရွက်တွေကြားမှာ
ကိုယ့်ဝှက်ဖဲက ဓားကြီးထမ်းလို့
နောက်တော့လဲ အစစ အရာရာ အဆင်ပြေပါရဲ့လားပေါ့
နေမကောင်းတဲ့ ဆံပင်လေးတွေကို ၂၀၀၆ ခုနှစ်ကနေ ပြန်ယူလာခဲ့တယ်
ခေတ်မှီအတွေးအခေါ်တွေကို နှလုံးသားမှာ တပ်ဆင်မထားဖို့တော့ မပြောခဲ့ရဖူး  ။           ။




                                                                   - မောင်မိုးမြင့်

Wednesday, November 21, 2012

မှန်းမျှော်တမ်းတမိသောပုဇွန်ဆီရောင်သမ်းသည့် တစ်ညနေ.(အမေ့အတွက် မွေးနေ့လက်ဆောင်)

by ကျူ ပင် on Wednesday, November 21, 2012 at 2:03pm ·
“ယနေ့ကျွန်တော်ဖြစ်ပျက်နေသမျှ မနက်ဖြန်ဖြစ်ရန်မျှော်လင့်နိုင်သမျှ အားလုံးတို့သည် အမေ့ကျေးဇူး ချည်းကြောင့်ဖြစ်သည်” ဟူသော အေဗရာဟန်လင်ကွန်း၏ စကားကို ကျွန်မ သေချာမှတ်မိနေသည်။  အမြဲတမ်းလိုလို တွေးနေမိသော စကားစုတစ်ခုလည်းဖြစ်သည်။ သူ့မိခင်အတွက် သူ့တွင် ပြောစရာ စကားများစွာရှိသည်။ သို့သော် ကျွန်မတွင် မရှိ။ “အမေ့ကို ကျေးဇူးတင်ပါတယ် ”ဟူသော စကားရှစ်လုံးကလွဲလျှင် ကျွန်မတွင် ပြောစရာမရှိ။ အမေနှင့်သေချာစွာမရင်းနှီးခဲ့သောကျွန်မဟာ အမေ့ကို ချစ်တာကလွဲလျှင် ကျန်တာ ဘာမှမသိ။ အမေ့ကို အရာအားလုံးထက် ချစ်တာကိုတော့ ရဲရင့်စွာ ဝန်ခံရဲသည်။ တစ်ချို့သောလူများသည် မိခင်နှင့်အနေနီး၍ မေတ္တာကိုမရကြ။ အချို့က အနေဝေးသော်လည်း မေတ္တာရကြသည်။ အချို့ကား အနေလည်းနီး မေတ္တာလည်းရ ကာ အချို့ကမူ အနေလည်းဝေး မေတ္တာနှင့်လည်း ဝေးကြသည်။ မိခင် ဟုဆိုရာတွင် မိခင်တို့ကား သားသမီးကို မေတ္တာ မပေးချင်ဟူ၍ မရှိ။ သူတို့ ကွယ်လွန်မှသာ မေတ္တာကို မရနိုင်တာမျိုးဖြစ်မည်။ အသက်ရှိနေပါလျှက် သားသမီးကိုပစ်ထားသော မိခင် မရှိ။ ထိုအရာမှာ အမှန်တရားများထဲမှ အမှန်တရားတစ်ခု ဖြစ်သည်။
          လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အမေ ကျွန်မဆီကိုပြန်လာသည်။ သူ့တွင် အချိန်သိပ်မရှိ။ မုဆိုးမ တစ်ယောက် အနေနှင့် သမီးနှစ်ယောက်ကို ရှာကျွေးရန် သူအလုပ်အရမ်းကြိုးစားရသည်။ သူ့အလုပ်တွင် အတွန်းအတိုက်များ၏။ ဒဏ်ရာဒဏ်ချက်များ၏။ မျက်ရည်တွေများ၏။ ဆရာဝန်ဖြစ်တိုင်း အေးဆေးသက်သာစွာ ပိုက်ဆံရသည် ဟူသော လူတစ်ချို့၏ စကားကို ကျွန်မ လက်မခံ။ အမေသည် တိရိ စ္ဆာန်ကုသော ဆရာဝန်ဖြစ်သည်။ နွားအကန်ခံရ၍ ခဏခဏ ဆေးရုံရောက် ဖူးသည်။ အလွန်အေးသောနိုင်ငံတွင် အလုပ်လုပ်ရသည်မို့ အသားတွေ ကွဲကာ နေမကောင်းအမြဲဖြစ်သည်။ မိန်းမတစ်ယောက်၏အားနှင့် နွားပေါင်းများစွာကို သုတေသနပြုရသောအခါ သုတေသနအပြုကောင်း၍ ဒူးရိုးကျိုးဖူးသည်။ ခွဲစိတ်ခန်းသည် အမေ့အိမ် လိုဖြစ်နေ၏။ အမေ့အစားကျွန်မသာ အလုပ်အားလုံးလုပ်ချင်သည်။ သို့သော် ကျွန်မကား ငယ်ငယ်ကတည်းက ချူချာ၏။ ကျန်းမာရေးမကောင်း။ ပညာရေးတွင်ရော ကျန်းမာရေးတွင်ပါ မကောင်းသော ကျွန်မကို အမေ ဘယ်လိုနည်းနှင့် ချစ်ခင်မြတ်နိုးနေရပါသနည်း။ ကျွန်မ၏ ဆိုးမိုက်မှုများ အပေါ် အမေ မည်သည့်နည်းနှင့် ခွင့်လွှတ်နေရသနည်း။ သေချာတာတစ်ခုကား မိခင်၏ ရင်တွင်းမှ စစ်မှန်သော မေတ္တာတရားကြောင့်သာဖြစ်မည်။ အသေချာဆုံးမှာ အမေလည်းကျွန်မကို ချစ်မည် ဆိုတာပဲဖြစ်သည်။
          အမေပြန်လာသော ထိုရက်များသည် ကျွန်မအတွက် လရောင်ဆမ်းသော ညများဖြစ်၏။ ပန်းခင်းသောလမ်းဖြစ်၏။ ဖဲမွေ့ယာပေါ်အိပ်စက်ရသကဲ့သို့ အမေ့လက်မောင်းသည် နူးညံ့၏။ အမေ့ ရင်ခွင်သည် အေးအေးကလေးနွေး၏။ ထိုရက်များက ကျွန်မ အလွန်ပျော်သည်။ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရအောင်ပျော်သည်။ အမေနှင့်အတူ နေရာပေါင်းစုံကိုလျှောက်လည်ရင်း ရယ်စရာများစွာကို ပြောကြသည်။ သုတ၊ရသ များစွာကို အမေ့ထံမှ သိရ၏။ ထိုင်းနိုင်ငံတွင် အချို့ မိန်းကလေးငယ်ငယ်လေးများမှာ တစ်ညအိပ်စရာနေရာရရေးအတွက် လူတကာနောက်သို့လိုက်ရကြောင်း၊ ထိုင်းနိုင်ငံ၏ပြည့်တန်ဆာများတွင် ပြည့်တန်ဆာ အလုပ်လုပ်ကိုင်ခွင့် တရားဝင်လက်မှတ်ရှိကြောင်း၊ပြင်သစ်နိုင်ငံ၏ ရုပ်တုပြတိုက်ကို မည်ကဲ့သို့ သပ်ရပ်စွာထားကြကြောင်း၊ နိုင်ငံတကာတွင် ကြွပ်ကြွပ်အိတ်များကို စည်းကမ်းမဲ့ လမ်းမတွင် မပစ်ကြကြောင်း၊ဖြစ်နိုင်သမျှသော ပစ္စည်းများကို Recycle လုပ်၍ သုံးကြကြောင်း…စသည်ဖြင့် တန်ဖိုးရှိသော စကားလုံးပေါင်းများစွာကို သိရ၏။
          အမေသည် ယခင်ကလို မလှတော့။ ကျွန်မနှင့်ပြန်တွေ့ရသည့် ရက်များတွင် အမေ့လက်တွေက အနည်းငယ်တွန့်နေကြပြီ။ အမေ့ပါးကား ယခင်ကလို မဖောင်းအိတော့။ အမေ့ခါးမှာ ဟိုးတုန်းကလို မဖြောင့်တန်းတော့။ အသက်လေးဆယ်ကို အနည်းငယ်သာစွန်းသော် လည်း အမေ့တွင် ဝေဒနာကများသည်။ ကျွန်မကား အလွန်ညံ့၏။ အမေ့ကို မကူညီနိုင်သည့်အပြင် ကျွန်မကပါရောယောင်၍ ကျန်းမာရေးမကောင်း။ ကျွန်မမှာ အမေနှင့်ပက်သက်၍ ရဖူးသော အကြီးမားဆုံး နောင်တ တစ်ခုရှိသည်။ ၄င်းနောင်တမှာ တက္ကသိုလ်ဝင်တန်းတွင် ကျွန်မ မည်သည့် ဂုဏ်ထူးမျှ မရရှိခြဲ့ခင်းပင်ဖြစ်သည်။ အမေ့ကျေးဇူးဖြင့် အဆောင်ကောင်းတွင်နေခဲ့ရသော်လည်း တစ်နှစ်ပတ်လုံး နှာခေါင်းသွေးလျှံကာ နေမကောင်းဖြစ်နေသဖြင့် ကျွန်မ အောင်ရုံသာအောင်ခဲ့သည်။ ကျွန်မအပေါ် ရည်မှန်းချက်ကြီးခဲ့သော အဆောင်မှူးမှာလည်း လူနာပြုစုရင်းသာ အချိန်ကုန်ခဲ့ရသည်။ အဆောင်မှူး၏ ကျေးဇူးမှာလည်း ကြီးလှသည်။ ပိုက်ဆံများစွာကုန်ခဲ့သော်လည်း ဘာတစ်ခုမှ မဖြစ်မြောက်ခဲ့သော ကျွန်မအတွက် အမေ အပြောအဆိုခံခဲ့ရသည်။ ကျွန်မကို ပုံ၍ယုံစားသော အမေ့မှာ ဒူးနှင့်မျက်ရည်သုတ်ခဲ့ရသည်။ ကျွန်မ ထိုရက်များက ပါရာစီတမော ဆယ့်ငါးလုံးကို တစ်ပြိုင်နက် သောက်ခဲ့ဖူးသည်။ ထူးဆန်းစွာ ပင် ဆယ်နာရီကျော်အိပ်မောကျသွားသည်ကလွဲလို့ ကျွန်မ မသေခဲ့။ နောက်မှသိရသည်မှာ ပါရာစီတမောကို အလုံးလေးဆယ်ကျော်သောက်မှ သေနိုင်သည် ဟူသည့် ဗဟုသုတတစ်ခုဖြစ်သည်။ ထိုရက်များက အမေခရီးထွက်နေသဖြင့် မသိခဲ့။ ကျွန်မအပေါ် အတင်းကြီးဂရုစိုက်မည့်သူလည်းမရှိသောကြောင့် သေကြောင်းကြံသောကျွန်မ၏ ပုံပြင်ကို မည်သူမျှ မဖတ်နိုင်ခဲ့ကြ။
          ရန်ကုန်မြို့တွင် ကျွန်မ ပထမဆုံးထိတွေ့ဖူးသည့်နေရာမှာ ပန်းဆိုးတန်း ကုန်းကျော်တံတား ဖြစ်သည်။ ထိုရက်များက မြန်မာနိုင်ငံတွင်အစည်းအဝေးတက်စရာရှိသဖြင့် အမေ ရန်ကုန်ကို ပြန်လာသည်။ အင်းစိန်တိမွေးကုရုံးတွင် အလုပ်လုပ်နေရင်းကျွန်မကို ဖုန်းဆက်၍ လှမ်းခေါ်၏။ ထိုစဉ်က ဖုန်းများ မှာ ဈေးအလွန်ကြီးနေချိန်ဖြစ်သည်။ ဆယ့်ငါးသိန်းအောက်ထစ်ဖုန်း မရှိ။ ထို့ကြောင့် အိမ်ဖုန်းကိုဆက်၍ လှမ်းခေါ်သည်။ ရန်ကုန်ကိုလာရန်ဖြစ်သည်။ ကျွန်မ မသွားရဲ။ အရေးကြုံလျှင် အကြောင်းကြားရန် ဟန်းဖုန်းမရှိ။ အမေကသာ ရှိ၍ ကျွန်မတွင်မရှိ။ ခုနစ်တန်း မိန်းကလေးတစ်ယောက် အနေနှင့် ရန်ကုန်ကို တစ်ယောက်တည်းမသွားရဲ။ လိုင်းကားတိုးမစီးရဲခဲ့။ သူငယ်ချင်းများကမူ ပျဉ်းမနားသူ ကျွန်မကို တောသူမ ဟုခေါ်ကြသည်။ သူတို့ပြောသော အိုးထရက်ဖို့ဒ် ဘောလုံးကွင်းကို ကျွန်မ..မသိ။ လေဒီဒိုင်ယာနာအကြောင်းကို မသိ။ မာစီးဒီးကားမှာ မည်သည့်ပုံ၊ ပါဂျဲရိုးမှာ မည်သည့်ပုံဟူ၍  ကျွန်မ ..မသိ။ များစွာသော ထူးဆန်းသည့်အရာများကို သူတို့ပြောကြသော်လည်း ကျွန်မ နားမလည်။ သို့သော် ကျွန်မ ဒီတိုင်းလေးသာ နေပျော်ခဲ့သည်။ ကျွန်မတွင် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော အမေရှိသည်။ သူတို့တွင်မရှိ။ ထို့ကြောင့်ကျွန်မ အမြဲဂုဏ်ယူကျေနပ်ခဲ့ပါသည်။
           အမေက “သမီးကို အကျီ င်္သစ်တွေ Ruby Mart မှာလိုက်ဝယ်ပေးမယ်။ အမေပြောတဲ့ အတိုင်း ကားစီးလာခဲ့ ” ဟုမှာသောကြောင့်သာ ကျွန်မ လမ်းညွှန်စာရွက်လေးတစ်ရွက်နှင့် ပိုက်ဆံ တစ်ထောင်ကို ကိုင်၍ ရန်ကုန်ကိုလာခဲ့ရသည်။ ကျွန်မ ဘာမှမသိ။ ဘီအမ် ကားသေးများ ကား ပန်းဆိုးတန်းတွင် ဂိတ်ဆုံးသည် ဟုဆိုသဖြင့် ကျွန်မ အဲဒီတုန်းက ရန်ကုန်သွားလျှင် ဘီအမ် တစ်မျိုးသာ ရောက်သည်ဟု အသေမှတ်ခဲ့ဖူးသည်။ ကားဂိတ်ဆုံးကိုရောက်တော့ အမေညွှန်သလို စာပေဗိမာန်ဆိုတာကြီးကို တွေ့ရသည်။ အလွန်ကြီးမားသော စာအုပ်ဆိုင်ကြီးပါပေ။ ထိုမှ ဆက်လျှောက်လျှင် ညာဘက်ကိုချိုးသော  လမ်းမကျယ်ကြီးတစ်ခုရှိသည်။ ထိုလမ်းအတိုင်းလျှောက်မှ ပန်းဆိုးတန်းကုန်းကျော်တံတားကိုရောက်သည်။ ထိုနေ့က ကျွန်မ တံတားပေါ်ကို တက်သွားမည် ပြင်သေးသည်။ “သမီး..ပိုးပိုး..အမေဒီမှာ။”ဟူသော အသံကိုကြားမှ ကျွန်မ တံတားအောက်တွင် ရပ်စောင့်နေသော အမေ့ကို တွေ့လိုက်ရသည်။ အမေ့ကိုတွေ့တွေ့ချင်းဝမ်းသာ လွန်းသဖြင့် ဖက်၍ ငိုခဲ့ရသည်။ လမ်းတစ်လျှောက် ကျွန်မ ရသော မင်္ဂလသုတ်၊ မေတ္တာသုတ်နှင့် နတ်ပင့်ဂါထာများကို တွင်တွင် ရွတ်ခဲ့သည်။ (ပရိတ်ကြီးဆယ့်တစ်သုတ်ကိုရအောင်ကျက်ခိုင်းခဲ့သော အမေ့ကို လည်း အလွန် ကျေးဇူးတင်မိသည်။ ထိုစဉ်က ရသေးသော်လည်း ယခုတော့ တစ်ခုနှစ်ခုသာ ရတော့သည်။ အလွန် မိုက်မဲသောကျွန်မပါပေ။) ကြောက်လွန်းသဖြင့် ဇောချွေးများပင် ပျံ၏။ အမေက ငိုနေသောကျွန်မ ကိုကြည့်၍ ရယ်သည်။ နောက်မှ သိရသည်မှာ ကျွန်မကို တမင်လာတတ်အောင် လာခိုင်းခဲ့ခြင်းဖြစ်သည်။ အရွယ်ရောက်နေသော သမီးအား အဖမ်းခံရတာတွေ ဘာတွေ ၊ ရောင်းစားခံရတာတွေ ကို မျက်ကွယ်ပြု၍ “သတ္တိ” ဟူသောအရာကို ရိုက်သွင်းပေးနိုင်ခဲ့သော အမေ့ကို ထပ်၍ ကျေးဇူးတင်မိပြန်သည်။ နောက်ပိုင်းတွင် ကျွန်မ ပန်းဆိုးတန်းကိုလာရဲလာသည်။ ထိုမှတစ်ဆင့် ရွှေတိဂုံဘုရားသို့ တစ်လတစ်ခါ ပုတီးသွားစိပ်ရဲလာသည်။ လှည်းတန်းတွင် သင်တန်းတက်ရဲလာသည်။ မြေနီကုန်းပြည်သူ့ရင်ပြင်တွင် ညီမလေးကို ကစားကွင်းလိုက်ပို့ပေးရဲလာသည်။ ပန်းဆိုးတန်း ကုန်းကျော်တံတားမှအစပြု၍ ကျွန်မ မည်သည့်နေရာကိုမဆို သတိနှင့်သွားတတ်လာသည်။ Ruby Mart ကိုတော့ နောက်ပိုင်းကျွန်မ အမေကိုလွမ်းတိုင်းရောက်ဖြစ်သည်။ ကုန်တိုက်ထဲကို မဝင်ပဲ အပြင်ကသာ ကြည့်၍ လှည့်ပြန်ရသော အရသာကို ကျွန်မ နှစ်ခြိုက်သည်။ တစ်ချိန်တစ်ခါက ဒီကုန်တိုက်ကြီးရဲ့ နံဘေးမှာ ကောင်မလေးတစ်ယောက် ရန်ကုန်ကို မလာရဲသဖြင့် သူ့အမေကိုဖက်၍ ငိုခဲ့ဖူးသေးသည်။
          ပန်းဆိုးတန်းတွင် အခြားအမှတ်တရများစွာရှိသေးသည်။ များလွန်းသဖြင့် အချို့ကို ကျွန်မ မမှတ်မိ။ သို့သော် မှတ်မိသည့်အရာများမှာ မှတ်မှတ်ထင်ထင်ရှိလှသည်။ ပန်းဆိုးတန်း၏ ညဈေးများတွင် “ငါးဖယ်သုတ်” ဆိုင်ကောင်းကောင်းရှိသည်။ ကျွန်မ ထိုငါးဖယ်သုတ် စားရလျှင် တစ်ခါတည်းနှင့် လေးပွဲ၊ငါးပွဲ အထိ ဆက်တိုက်စားနိုင်သည်။ ကြာဇံချက်နှင့် ငါးဖယ်သုတ် ပေါင်း၍ ရောင်းသော ထိုဆိုင်ကလေးကို ညနေ ငါးနာရီခွဲလောက်မှာ အမေနှင့်အတူ ရောက်ခဲ့ဖူးသည်။
“အမေက ဗိုက်ဆာရင် ဒီဆိုင်က ကြာဇံချက်ကို လာစားတယ်။ တစ်ပွဲသုံးရာနဲ့ ဗိုက်ပြည့်တယ် သမီးရဲ့။ ပိုက်ဆံနည်းနည်းနဲ့ ဗိုက်ပြည့်တာမျိုးပေါ့။ တစ်ခါတစ်လေ အိမ်ကိုမိုးချုပ်မှ ပြန်လာဖြစ်ရင် ဒီမှာပဲစားဖြစ်တယ်။”
ဟု အမေက ပြောသောအခါ ကျွန်မက
“အမေကလည်း စားမယ့်စား ဒံပေါက်တွေ ကြက်ဆီထမင်းတွေ စားပေါ့”
ဟု ပြန်ပြောတတ်သည်။ ထိုစကားကြားရသောအခါ အမေက ပြုံးသည်။
“နေမကောင်းတဲ့ ငါ့သမီးအပျိုကြီးကို ဆေးကုဖို့ ပိုက်ဆံစုရမယ်။ ဆရာဝန် ဖြစ်မယ့် ငါ့သမီိးအငယ်လေးကို ဖြစ်လာအောင်လုပ်ပေးဖို့ ပိုက်ဆံစုရမယ်”
ဟုပြောသည်။ အမေကားသမီးများနှင့်ပက်သက်လျှင် ဖြစ်စေချင်တာများသည်။ ပညာတတ်ကြီးဖြစ်စေချင်သည်။ အရာအားလုံး၏ရှေ့တွင် ကျွန်မတို့နှစ်ယောက်ကို မားမား မတ်မတ်ရပ်စေချင်သည်။ သီလရှင်ဝတ်လျှင်တောင် တရားရစေချင်သည်။ မြန်မြန်အကျွတ်တရားရ ပြီး လူ့ဘောင်ကိုခွာစေချင်သည်။ အမေကားထိုသို့သောလူမျိုးဖြစ်၏။(နောင်တွင် ကျွန်မ ထိုငါးဖယ်သုတ်ဆိုင်ကလေးကို သွားရှာသေးသည်။ ရှာမတွေ့တော့။ နောက်တစ်ခါ အမေပြန်လာမှ အတူသွားရှာရဦးမည်။ )
          ငါးဖယ်သုတ်ဆိုင်လေးမှအပြန်တွင် ကျွန်မဘဝတစ်လျှောက်မည်သည့်အခါမျှ မေ့မည် မဟုတ်သော လူတစ်ယောက်နှင့်တွေ့ခဲ့ရသည်။ သူသည် ရုပ်ရည်သန့်၏။ နေပုံထိုင်ပုံသန့်၏။ လည်ကတုံးလက်တိုကိုဝတ်ထား၏။ ပုဆိုးမှာ သာမန် ဈေးပေါပေါပုဆိုးတစ်ထည်ဖြစ်ဟန်တူသည်။ သူသည် ပန်းချီဆရာတစ်ယောက်ဖြစ်သည်။
          လူတွေဝိုင်းအုံနေကြသော နေရာတစ်ခုသို့ ကျွန်မနှင့်အမေ ရောက်သွားခဲ့သည်။ လူတစ်ဦး ပန်းချီဆွဲနေတာဖြစ်သည်။ ပန်းချီဆရာ၏ခေါင်းသည် အလွန်ငုံ့နေ၏။ ဆံပင်ကား ဂုတ်အထိရှည်သည်။ သို့သော် သားရေကွင်းနှင့်စည်းနှောင်ထားသည်။ ထို့ကြောင့် ကြည်လင်သော မျက်နှာကို မြင်နေရသည်။ သူ့မျက်နှာကား ကြည်လင်သော်လည်း ပါးရေအနည်းငယ်မှာ တွန့်နေပြီ။ လက်မောင်းသားတို့မှာ တွဲကျနေပြီ။ အဝတ်အစားဝတ်တာ သပ်ရပ်သော်လည်း လူကား အိုနေပြီ။ ထိုလူမှာ လက်နှစ်ဖက်လုံးပြတ်နေသော သာမန် အညတြ ပန်းချီဆရာအဘိုးအိုတစ်ဦးဖြစ်သည်။ သူသည် ပန်းချီကို ခြေထောက်နှင့်ဆွဲ၏။ အသက် ငါးဆယ်ကျော်ခန့်ဖြစ်မည်။ ပန်းချီအပေါ် အာရုံထားနေပုံက မည်သူ့ကိုမှ သူမမြင်တော့သလို….။ သူ့ဘေးတွင် ဆယ်နှစ်ခန့် ကလေးတစ်ယောက်က ပန်းချီကားတွေကို ကူရောင်းပေးနေသည်။ ဆွမ်းခံကြွနေသော ကိုရင်များ၊ ပင်လယ်ကြားက လှေငယ်တစ်စင်း၊ အိမ်အိုဟောင်းတစ်လုံး၊ သစ်တော၊ နှင့် စေတီပုထိုးပျက်များ စသည်ဖြင့် များစွာသောပန်းချီကားများကို သူဆွဲနေ၏။ ကျွန်မကား ခြေထောက်နှင့်ပန်းချီဆွဲတာကို တအံ့တသြငေးနေမိသည်။ အမေကတော့ ပြောသည်။ သူဒီနားကဖြတ်လျှောက်မိတဲ့ ညနေတိုင်း ဒီဦးလေးကြီးကို တွေ့ဖြစ်သည်..တဲ့ ။ ထိုနေ့က ကျွန်မ သူ့ဆီက ပန်းချီကားသုံးခု ဝယ်ခဲ့သည်။ သုံးခုကို တစ်ထောင်နှင့် ရောင်းသည်။ ကျွန်မ တန်ဖိုးထား၍ ဝယ်ယူခဲ့ပါသည်။ ထိုပန်းချီကားများမှာ ယခုတော့ မရှိတော့ပြီ။ နံရံတွင်တိပ်နှင့်ကပ်ထားသည်ဖြစ်ရာ..ခရုစား၍ ကုန်ပြီ။ ပြဲစုတ်ကုန်ပြီ။
          ထိုနေ့ညက အိမ်ရောက်၍ ညဘက်ရောက်သည့်တိုင် ကျွန်မ အိပ်မရခဲ့။ ညနေတစ်ခုတွင် ခြေထောက်နှစ်ချောင်းဖြင့် ပန်းချီဆွဲနေသော ထိုဦးကြီးကို ကျွန်မ ယခုထိတိုင် မမေ့ခဲ့ပါ။ ထို့ကြောင့် အမေ့ရင်တွင် အိပ်နေရင်းမှ မေးဖြစ်ခဲ့သည်။
“သူဘာလို့ ပြပွဲတွေဘာတွေမလုပ်တာလဲမသိဘူးနော်အမေ။ သူပန်းချီဆွဲတာဒီလောက်တော်တာကို..”
 အဆုံးမရှိအစမရှိပဲ စ..ပြောသောစကားကို အမေက နားလည်သည်။ ချက်ခြင်းပြန်ဖြေ၏။
“လောကမှာ လူဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်ခွင့်မရှိဘူးပိုးပိုးရဲ့။(အမေသည်ကျွန်မကို တစ်ခါမျှ သမီးဟု မခေါ်ဖူးခဲ့။) ကြိုးစားနေရပေမယ့် ပြတ်ကျန်ခဲ့ရတဲ့ကိစ္စတွေ အများကြီးပဲ။ ကိုယ်မျှော်လင့်သလို အဆင်ပြေနေရင် ဘဝဆိုတာ မရှိတော့ဘူး။ အောင်မြင်မှုတစ်ခု ဖြစ်လာဖို့ အခြေအနေဆိုတာရှိတယ်။ သူက တော်တယ်ဆိုပေမယ့် အဲဒီနေ့ သူပန်းချီရောင်းလို့ရတဲ့ပိုက်ဆံကို ဘယ်နေရာမှာ သုံးသလဲ ဆိုတာပေါ် မူတည်သေးတယ်။ သူ့မိသားစုအခြေအနေ၊ သူ့ဘဝ၊ သူခံယူထားတဲ့ လောကအပေါ် အမြင်၊ အများကြီးထည့်တွေးရမယ်လေ ပိုးပိုးရဲ့။ အမေတို့မျှော်လင့်ထားတဲ့ အရာတွေ အတွက် အမေတို့မှာ နောက်ကလိုက်ပေးရတဲ့ နစ်နာမှုဆိုတာတွေရှိသေးတယ်။ ကိုယ်လိုချင်တဲ့ တန်ဖိုးပေါ်မူတည်ပြီး အနစ်နာခံနိုင်မှလည်း နေရာတစ်ခုကို ရောက်မယ်။ အမေပြောတာတွေကို ပိုးပိုး အခုချိန်မှာ နားလည်ချင်မှ လည်လိမ့်မယ်။ ဒါပေမယ့် တစ်ခုတော့ပြောပြမယ်။ အဲဒီပန်းချီဆရာရဲ့ ဖြစ်ချင်တဲ့စိတ်၊ ဖြစ်အောင်ကြိုးစားမယ့် ဝီရိယ၊ သူ့ရဲ့ဖြစ်နိုင်ချေရှိတဲ့ ကံ ဆိုတာတွေ လိုသေးတယ်။ သူ ပြပွဲအထိတက်နိုင်ဖို့ပေါ့။ အဲဒါတွေ သိပ်ပြီးအတွေးမနက်ပါနဲ့ ပိုးပိုးရယ်။ သမီးအတွက် ကျန်းမာအောင်နေပြီး လူလူချင်း စာနာတတ်တဲ့စိတ်ကလေးပဲ အရင်ထားဦး။ နော်။ သူ့ဆီက ယူရမယ့် သင်ခန်းစာတစ်ခုက လက်-မရှိလည်း ခြေထောက်နဲ့ ရအောင်လုပ်နိုင်ရမယ် ဆိုတာပဲ။ ကဲ..အိပ်စို့နော်။….။”
          အမေက ဟိုဘက်ကိုစောင်းပြီး အိပ်ပျော်သွားခဲ့ပေမယ့် ကျွန်မ အမေ့စကားတွေကို တွေးနေမိသေးသည်။ ညနေခင်းတစ်ခုမှ အစပြုကာ ကျွန်မ သင်ခန်းစာများစွာရခဲ့သည်။
          နောက်ပိုင်းတွင် ထိုပန်းချီဆရာကို မတွေ့ရတော့ပါ။ ပန်းဆိုးတန်းမှ သန်လျင်သို့ ပြန်သော ဘီအမ်ကားဂိတ်နှင့်ငါးမိနစ်၊ဆယ်မိနစ်ခန့် ဝေးသော နေရာတစ်ခုတွင် ခြေထောက်နှင့် ပန်းချီဆွဲသော အညတြ ပန်းချီဆရာတစ်ဦး ပုံပြင်တစ်ပုဒ်သဖွယ် ရှိခဲ့ဖူးသည်။သူကို့ နောင်တွင် မည်သည့်အခါမျှ ရှာမရတော့။ ကျွန်မကတော့ ဗိုလ်ကလေးဈေးနှင့် ပန်းဆိုးတန်းလမ်းကို သင်တန်းတွေ တက်တိုင်း ရောက်ဖြစ်သည်။ အရာရာဟာ တရွေ့ရွေ့ပြောင်းလဲနေ၏။ ဗိုလ်ကလေးဈေးမှ ဂမုန်းပွင့်ကုန်တိုက်ကြီး တောင် အသစ် ပြန်ဖြစ်နေပြီ။ ဆောက်လက်စ တိုက်ခန်းတွေကိုလည်း တွေ့ရသည်။ ထို့အတူ ကျွန်မသည်လည်း တော်တော်များများ ပြောင်းလဲလာသည်။ ယခင်က ဝေဒနာဖြင့် သေရမည်ကို အလွန်ကြောက်သည်။ သို့သော် ယခု ကျွန်မတွင် တရားအနည်းငယ် (မဆိုစလောက်လေးပဲ ဖြစ်ဖြစ်) ရှိလာပြီထင်သည်။ ကျွန်မသည် လူသားချင်းစာနာထောက်ထားနိုင်ရန် အမြဲနှလုံးသွင်း၏။ ယခု ကျွန်မ အမေ့ထံမှ ရရှိခဲ့သော သင်ခန်းစာများဖြင့် ဘဝကို နေပျော်အောင် မရဲတရဲ လျှောက်လှမ်းနေသည်။
          ကျွန်မသည် ဘဝတစ်ခုဖြစ်လျှင် အမေသည် ကျွန်မ၏ အသက်ရှုရန် နှာခေါင်းပေါက်ဖြစ်၏။ ကျွန်မသည် လူသားတစ်ဦးဖြစ်လျှင် အမေသည် ကျွန်မ၏ နှလုံးသား ဖြစ်၏။ ပုဇွန်ဆီရောင်သမ်းသော ညနေများကို ရောက်တိုင်း အမေ့ကို ပို၍ လွမ်းသည်။ ထိုစဉ်က အမေပြောခဲ့သည်များကို ယခုတော့ အနည်းငယ်ပဲဖြစ်ဖြစ် ကျွန်မ နားလည်ပြီထင်သည်။ ဘဝတွင် မည်သည့်အခြေအနေမဆို လူတိုင်းနှင့် လိုက်လျောညီထွေရှိစွာနေတတ်အောင် သင်ပေးသော အမေ့ကို ကျွန်မ အလွန် ကျေးဇူးတင်သည်။ ကျွန်မသည် ညီမလေးရှေ့မှ မားမားမတ်မတ် မရပ်နိုင်သည့်တိုင် ညီမလေးနှင့် အတူလှမ်းကာ ဘဝတွင် လျှောက်လှမ်းရဲပြီ။ ထို့ကြောင့် ကျွန်မ မသေခင် အမေ့ကို စကားတစ်ခွန်းပြောခဲ့ချင်သည်။ ထိုစကားမှာ “ဘဝတစ်ခုမှာ နေပျော်အောင်သင်ပေးခဲ့တဲ့အမေ့ကို သမီးအရမ်း ကျေးဇူးတင်တယ် အမေ ” ဟုဖြစ်သည်။ အမေနှင့်အတူ ခြေထောက်ဖြင့် ပန်းချီဆွဲသော ဦးလေးကြီးကို လည်း ကျွန်မ ပြောချင်သေးသည်။
“လက်မရှိလည်း သမီး ခြေထောက်နဲ့ ပန်းချီဆွဲဖို့ အကောင်းဆုံးကြိုးစားခဲ့တယ် ဦး…။”
ဟု……………………………………..။ကျွန်မ ပြောဖြစ်အောင် ပြောခဲ့ချင်ပါသေးသည်။

################################################

{၁၂-၁၂-၂၀၁၂ တွင် ကျရောက်မည်ဖြစ်သော ကျွန်မ မိခင်၏ လေးဆယ့်နှစ်နှစ်ပြည့် မွေးနေ့ အတွက် ဤ ဝတ္ထုကို ရေးဖွဲ့ပါသည်။ အမေ ကျန်းမာပျော်ရွှင်ပါစေ။}

(ဝတ်ရည်ကိုကို- နိုဝင်ဘာ-၂၁-၂၀၁၂-----၂း၀၀ AM)

Friday, November 16, 2012

အိုဘားမားကို ကြိုတဲ့ ကဗျာ

by Lay Pyay Thone on Saturday, November 17, 2012 at 1:55pm ·
ကမ္ဘာ့ အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးရဲ့  လက်ရှိသမ္မတတစ်ယောက်ရဲ့ 
သမိုင်းဝင်ခရီး
နိုင်ငံ နှစ်နိုင်ငံရဲ့  သမိုင်းမှတ်တိုင်တဲ့ ...
ဟုတ်ကဲ့   ကျနော်မှတ်ထားပါ့ မယ်...။

ကျနော်တို့ ဆီမှာ...
လူအချင်းချင်းတိုက်နေတဲ့ စစ်တွေရှိတယ်...
သဘာဝဘေးတွေရှိတယ်...
အိမ်နီးချင်းတွေနဲ့  ပြဿနာတွေရှိတယ်...
လူမျိုးရေး ခွဲခြားမှုတွေရှိတယ်...
ကျီးလန့် စာစားကိစ္စတွေရှိတယ်...
ကြီးနိုင် ငယ်ညှင်းကိစ္စတွေရှိတယ်...
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားတွေရှိတယ်...
ပုဆိုးခြုံထဲက လက်သီးပုန်းပြတာတွေရှိတယ်...။

အိုဘားမားရယ်...
ခင်ဗျားတို့ ဆီမှာက
လူ့ အခွင့် အရေးနဲ့ ဒီမိုကရေစီကို
ပန်းလို ပန်ထားပြီးပြီပဲ...
ခင်ဗျားတို့  နိုင်ငံမှာဧည့်စာရင်းစစ်တာမရှိဘူး
ပစ္စတိုတစ်လက်ကို လွယ်လွယ်ကူကူဝယ်လို့ ရတယ်
စိတ်ထင်ရင် ထင်သလိုသေနပ်နဲ့ ပစ်လို့ ရတယ်...
လိင်ကိစ္စနဲ့ ပတ်သက်လို့   ပွင့် လင်းမြင်သာတယ်...
အသားအရောင်ခွဲခြားမှု မရှိလို့  ခင်ဗျားကိုယ်တိုင်သမ္မတဖြစ်နေပြီပဲ...
ပြောသလိုဖြစ်ပြီး  ဖြစ်သလိုမနေတတ်တဲ့  ခင်ဗျားတို့ ဆီမှာ
မင်ဟတ်တန်မြစ်ထဲမှာ...၀တ်လစ်စလစ်ရေကူးလို့ ရတယ်...
.......................................................................

သောင်မတင်ရေမကျနဲ့ 
မြန်မာ့  ဒီမိုကရေစီအရေးမှာ...
သောင်ပြင်လွှတ်တဲ့ ခွေးဝဲစားလို...ပြည်တွင်းရေးအခြေအနေတွေနဲ့ 
အညှာကျွတ်တဲ့  ဒူးရင်းသီးလို...ငြိမ်းချမ်းရေး
ကျောချမှ ဓါးပြမှန်းသိရတဲ့  တောင်သူတွေ လယ်သမားတွေ
ချွေးနံ့ နဲ့  မိတ်ကပ်နံ့   ရောပြီး  တထောင်းထောင်းထနေတဲ့  မြို့ တွေ...
ဘုမသိ ဘမသိပါတီဝင်တွေ
ဘူမသိကိုးမသိ မဲထည့်လိုက်သူတွေ
ချိန်ကိုက်ဗုံးကို  အချိန်ကိုက်ခွဲတတ်သူတွေ...
အဆံခြောင်တစ်သိုက်နဲ့  သံယောင်လိုက်တွေပြည့်နေတဲ့ နိုင်ငံကို...
ခင်ဗျား...ဘယ်လိုကယ်တင်မှာလဲ အိုဘားမား
ကျနော်ကတော့  ကျနော်ကိုယ်ကိုသနားနေတယ်....။

လေပြေသုန်
၁၇ နိုဝင်ဘာ ၂၀၁၂

Friday, November 9, 2012

ဂဏန်းနဲ့ဆော့ကစားသူများ

by Kyaw Kyaw U on Saturday, November 10, 2012 at 1:39pm ·
တောင်ကျချောင်းရေကဲ့သို အရှိန်အဟုန်ဖြင့်စီးဆင်း
လွပ်လပ်ခြင်းတွေနဲ့ နှင်ခဲ့တဲ့ ခရီးပြင်း
မာမာထန်ထန်နဲ့ မျှောလို့လာလိုက်တာ
ကိုယ့်ရှူးကိုယ်ပတ် တဲ့အထိ
အခုတော့ ခေတ်ကျန်ခဲ့တာလား ခေတ်နောက်လိုက်တာလား
ခါးခါးသီးသီးငြင်းလို့ ရောက်တဲ့အရပ်မှာနေခဲ့ပါတယ်
ရန်သူတစ်အုပ်နဲ့ ဝပ်ကျင်းမှန်းတော့ မသိခဲ့ဘူး
လှေမျောလို့လှေနဲ့ပဲ လိုက်ခဲ့ကြတာပဲ
လူမျောလေတော့ ဘာနဲ့လိုက်ဖို့စဉ်းစား
ဓါတ်ဆီနဲ့မီးခြစ် မအပ်စပ်ပေမယ့် လိုက်ဖက်မှုရှိတယ်
ပဲပင်ပေါက်နဲ့ပဲပြား ကြာကြာဝါးနေပေမယ့် ခါးမှန်းတော့သတိမရတော့ဘူး
ဆိတ်ဆိတ်နေကြလျက် ဝမ်းတထွာအရေး လုံးပမ်းလိုက်ကြ
မမိနိုင်တဲ့ငါးတွေကို စိတ်ကူးနဲ့ဖမ်းနေကြပေါ့
လွတ်တဲ့ငါးကကြီး ဂဏန်းနှစ်လုံးအာရုံဖမ်းစမ်း
ဘုရားလည်းမနေအား ဘုန်းကြီးလည်းမနေအား
တို့လူမျိုးများ ကစားစရာရှားလို့ ဂဏန်းနဲ့ကစားကြ
ဂဏန်းညှပ်မှ “အမိ”တ ဘဝ ဘဝလို့ရွတ်ကြ
သောကတွေများရတဲ့ ဒီအားတိုင်းကစားတဲ့အားကစား
ဘယ်တော့များမှ အနားရကြမယ်မသိ
အိမ်ကွဲ လူကွဲ ဘဝတွေကွဲ အသိုက်မမြဲလို့နေပေမယ့်
ဒါကမှ လူရာဝင်သလို အပျိုအအိုအကိုတွေ
ဇီးကွက်စီပွားရေးစနစ်ထွန်းကားလာ ဖာသိဖာသာနေကြ
ဒီနေ့ကတော့ ပူးလိုက် ပေါင်းလိုက် ခွလိုက်နဲ့ စိတ်ပျက်စရာနေ့ပဲလေ..။

ကျော်ဦး (10.11.2012)

မျက်စေ့တွေနားတွေပါးစပ်တွေပိတ်းထားလို့ မရဘူး

by Lay Pyay Thone on Friday, November 9, 2012 at 3:17pm ·
ဒါ...တောင်ကျချောင်းဆီကအသံ
ရေတံခွန်ဆီကအသံ
လှိုင်းရိုက်သံ
ကျနော် နားဆီမှာ...

ပန်းပွင့်ရဲ့ အလှ
ဇာမဏီရဲ့  တောင်ပံ
ကျောက်သားနံရံ
ကျနော် မြင်နေရတယ်...

တေးသီလိုက်တာပါ
တွန်ကျူးလိုက်တာပါ
ဟစ်ကြွေးလိုက်တာပါ
ကျနော် အော်ဆိုလိုက်တယ်...

လေပြေသုန်
၉ အောက်တိုဘာ ၂၀၁၂