Wednesday, September 26, 2012
အိပ်မက်သမိုင်း
တစ်ခါတစ်ခါ ကိုယ့် နှလုံးသားကိုယ်တိုင်က
ကိုယ့် ရန်သူဖြစ်တတ်
ဒီဘ၀ကိုတော့ ဒီမျှနဲ့ အဆုံးမသတ်နိုင်ဘူး
ကူးဆိုလို့ သာကူးလိုက်ရတယ်…မြစ်မဟုတ်ချောင်းမဟုတ်
သူရဲကောင်းဆိုတာ အိပ်မက်ထက် ထင်ရှားတယ်လို့ ဘယ်သူပြောလိုက်တာလဲ…
ဒီမှာ နပိုလီယံတွေ ပါရီလမ်းဘေး ဘိနပ်ချုပ်နေကြတယ်
ဂျာမန်ဂျူးတွေ တောင်းစားနေကြတယ်
စိန့် ပီတာစပတ်မှာ အမူးသမားတွေသောင်းကျန်းပြီး
လူ့ အခွင့်အရေးကြေညာစာတမ်းကို သီချင်းလုပ်ဆိုနေကြတယ်
ပေါင်မုံ့ မရလို့ ချောင်ကုတ်နေရတဲ့  လန်ဒန်မြို့ လယ်ခေါင်မှာ
ပျံကျဈေးသည်တွေက ရွေးကောက်ပွဲဝင်ဖို့ စည်းရုံးရေးဆင်းနေတယ်
ဒါအိပ်မက်တွေလား။
အိပ်မက်ကနုနု မုန်တိုင်းကတထန်ထန်နဲ့ 
ဆန်ရေကို စုန်ရေအမှတ်နဲ့  အိပ်မက်သူရဲကောင်းတွေဖြတ်ခဲ့ ကြတာ
နုလည်းဖြတ် ထန်လည်းဖြတ်
သမိုင်းအထပ်ထပ်မှာ
အရိုင်းဇတ်ကို ယဉ်လာမလားလို့ ပါ။
ပိစိဖိတ်မှာပဲတိုက်တိုက်
အတ္တလန်တာမှာပဲတိုက်တိုက်
ဘင်္ဂလားပင်လယ်အော်မှာပဲတိုက်တိုက်
မုန်တိုင်းက မုန်တိုင်းအသွင်ရှိပြီးသား
အသားအရောင်မခွဲ ဇတ်အနိမ့် အမြင့် ခွဲမထားဘူး
ထန်တာကထန်တာပဲ ထက်တာကထက်တာပဲ
ခက်ထန်နှုန်းက အတူတူပဲ
ဘယ်ရေမဆို
ဆူရင်ပွက်တယ်။ ။
လေပြေသုန် ၆ စက်တင်ဘာ ၂၀၁၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment