Friday, January 11, 2013

ကျွန်းမကြီးကဗျာရွတ်ပွဲ ( မကွေး )


by Lay Pyay Thone on Friday, January 11, 2013 at 7:33pm ·
 
ကျွန်းမကြီးကဗျာရွတ်ပွဲ ( မကွေး )
၂၀ ၊ ၁ ၊ ၂၀၁၃

အားလုံးသော ကဗျာရွတ်ခြင်းကိုယုံကြည်ကြတဲ့ ကဗျာဆရာများထံ
လေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်။
အထက်ပါနေ့ ရက်တွင်
မကွေးနှင့်  မင်းဘူးအကြား ဧရာဝတီမြစ်အတွင်းက ကျွန်းမကြီးပေါ်မှာ
မြေလတ်ကဗျာဆရာများမှ ကဗျာရွတ်ပွဲကျင်းပမှာဖြစ်သည့် အတွက်
စိတ်ပါဝင်စားပါက ကြွရောက်ကြပါရန် ကျင်းပသူများကိုယ်စား ဖိတ်ကြားအပ်ပါသည်။

( တစ်ဆင့် စကားပါးပေးရန်လည်း မေတ္တာရပ်ခံပါတယ်....ကျွန်တော်လည်းရှိပါမည်။ )

လေးစားစွာဖြင့် 

လေပြေသုန်

Sunday, December 30, 2012

ပေါဖေက နောကျေနေပြီ...

by Lay Pyay Thone on Saturday, December 29, 2012 at 12:35am ·
သာသနာနှစ်က ငါးထောင်
ဘုရားကငါးဆူ
ဗောဓိက ငါးပင်
ဖြစ်တော်ပေါင်းက ငါးပါး
သာသနာထွန်းကားတာကငါးကြိမ်...
ပစ္စန္တရာဇ်အဖြစ်ကလွတ်ရတာ ငါးခါ

ရန်သူမျိုးကငါးပါး
သီလက ငါးပါး
ကြာမျိုးကငါးပါး
ခန္ဒာကငါးပါး
အာရုဏ်ကငါးပါး
ငါပါးပြီး ငါးပါးတွေထည့်ပြောတော့ 
ငါပါသလားဆိုတာ တွေးကြည့်မိတယ်...

စကြ၀ဠာတိုက်တစ်သောင်းမှာ
အမိုက်ပေါင်းက အလင်းနှစ်သန်းနဲ့ ချီ
ပြည်တန်ပတ္တမြားဆိုတာ...ပြည်နဲ့ ဆိုင်တာလား ဘုရင်နဲ့ ဆိုင်တာလား
တကယ်တော့ ခေါင်းချင်းဆိုင်တိုက်လို့ မရတာအမှန်
အဖန်ဖန်သေခဲ့ ရတဲ့ သံသရာမှာ
အဖန်ဖန်ပြန်မွေးရမှာပါ...

သောင်မတင်ရေမကျဆိုတာ
ကဗျာရေးလို့  မကောင်းဘူး
အကြောင်းထူးပေမယ့်  လိုင်းမကောင်းတော့ ဘာမှလုပ်လို့ မရ
ဒီဘ၀က...အရွက်ပဲလှပြီး...ပန်းမပွင့် နိုင်တဲ့ အပင်...
ပန်းပွင့် ပြီး...ရနံ့ မရှိတဲ့ အပင်...
တစ်ခုရပြီး တစ်ခုမကပြန်ပေးလိုက်ရတဲ့ အပင်ပါ...

ဒါ...ပါပဂြိုလ်လား အမေ
ပေါဖေက နောကျေနေပါပြီ... ...

လေပြေသုန်
၂၈ ဒီဇင်ဘာ ၂၀၁၂

သားက ဘ၀မသာပါအမေ....

by Lay Pyay Thone on Thursday, December 27, 2012 at 9:06pm ·
ကဗျာဆရာမောင်လေးအောင်ကတော့ 
ကျောချစရာတစ်နေရာဆိုပြီး...ဘ၀နေရေးကိုကဗျာရေးခဲ့ ဖူးတယ်အမေ...
ရှုပ်ယှက်ခတ်နေတဲ့ ခေတ်မှာ...ရှုပ်ရှုပ်ယှက်ယှက်ကျနော်က
ဘရုပ်ဘယက်ဘ၀ဖြတ်သန်းမှုနဲ့  ခလုတ်တွေလည်းခဏခဏတိုက်ခဲ့ ပြီးပြီ
ရောက်လေရာအရပ်မှာ...သောက်ရေသာရှိပါစေ...
ကျနော်နေတတ်ပါတယ်အမေ...။

ဆင်းရဲအတိက ကျနော်ထွက်မပြေးခဲ့ ဘူး
ကျနော်...ရေပေါ်ဆီတွေလိုလည်းမရူးခဲ့ ဘူး
သေမထူးနေမထူးလည်းမဟုတ်ပါဘူးအမေ

  ထမင်းစစ်စစ် စားချင်တယ် အမေရယ်
    အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
    ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
    ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
    ပြီးတော့ ဟောဒီလို
    အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
    တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
    ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ

                                                          (မောင်ချောနွယ်)

ကျနော်...ယဉ်ကျေးမှုမခေါင်းပါးပါဘူးအမေ
ဒေသထွက်ကုန်တွေနဲ့ လည်းယဉ်ပါးနိုင်ပါတယ်
လူ့ ယဉ်ကျေးတွေနဲ့ လည်း ပေါင်းတတ်ခဲ့ ပါတယ်...
ကျနော်...ပြန်ရတာက အပွင့် ရိုင်း အရွက်ရိုင်းတွေပါအမေ...

ပေါတာက ရန်သူ
ရှားတာက နွေးထွေးမှု
ထုထည်ကြီးမားတာက အတ္တ
လှိုင်းထနေတာက မာန
သားလှတာ သားအိပ်မက်တွေပဲအမေ...

ကျနော်ဖေါင်ဖျက်ရဲပါတယ်အမေ...
ဒီဆင်းရဲဒုက္ခကို လက်ပိုက်ပြီးတိုက်ကြည့်ချင်လို့ ပါ.....။   ။

လေပြေသုန်
၂၇ ဒီဇင်ဘာ ၂၀၁၂
 

Sunday, December 23, 2012

ခေတ်ကိုဖြတ်သန်းခြင်း

by Lay Pyay Thone on Sunday, December 23, 2012 at 1:57pm ·
တရုပ် တရုပ်စောက်စားပုတ်...ကုလား ကုလား ၀က်ချေးစား..တဲ့ 
ငယ်ဘ၀တွေ...မူလတန်းကျောင်းသားဘ၀တွေမှာ...ပြောကြဟစ်ကြ
တရုပ်ကြီးဘောင်ဘီပြဲတယ်....ငရုပ်သီးမစားပါနဲ့ ကွယ်....
အဲလို...အဲလို...
ရှေ့ တစ်ဆင့် တက်တော့ ...ခင်သန်းနု ဖင်တစ်ခြမ်းပု
လုသားအားလုံးကိုလေးစားပါတယ်...
မုသားအားလုံးကို အသုံးချပါတယ်ဆိုတဲ့ ခေတ်
ထစ်ကနဲဆို...ဗျစ်ကနဲမြည်တဲ့ ခေတ်
စစ်ဆို...ရေတောင်စစ်မသောက်ချင်တဲ့ ခေတ်
လက်ညှိုးလေးကွေးတတ်ဖို့  ဆယ်နှစ်ဆိုတဲ့ ခေတ်
မှောင်မှောင်မှာ ကောင်ကောင်ကိုက်တတ်တဲ့ ခေတ်
ဒိုးလိုမွှေ ရေလိုနောက်တဲ့ ခေတ်
အေးရာအေးကြောင်းတဲ့ 
သာကေတကိုပို့ ပြီး ထဘီပေါင်ရမယ့် ခေတ်
တိုင်ပတ်တော့  တပ်ပိုင်ပြီး ထင်ရာလုပ်တဲ့ ခေတ်
အရည်မရ အဖတ်မရ ပလီကြတဲ့ ခေတ်
ကြောင်လိုလို ကျားလိုလိုနဲ့   ထောင်ကိုစာချုပ်ထားတဲ့ ခေတ်
အရက်အတုတွေနဲ့  အရက်ကြောင်ကြောင်နေတဲ့ ခေတ်
တံတားလေးကနေ ရွာသာကြီးရောက်သွးတဲ့ ခေတ်
စိတ်ကြွပြီး အနှိပ်ခံနေတဲ့ ခေတ်
မာဆတ်ကနေ...မာစွပ်ဖြစ်သွားတဲ့ ခေတ်
ကြပိုးလိုလို သူခိုးလိုလိုတွေက...ဥက္ကဋ္ဌဖြစ်တဲ့ ခေတ်
တည်းခိုခန်းမှာ...ခိုးရိုက်တဲ့  ဆင်းရဲသားကားကို အင်တာနက်ပေါ်တင်တဲ့ ခေတ်
အခြောက်တွေပေါပြီး...သပေါက်တွေတောထနေတဲ့ ခေတ်
ပုတ်သင်ညိုတွေကို...အိပ်ကပ်ထဲထည့်ပြီးလမ်းလျှောက်နေတဲ့ ခေတ်
ကိုရီးယားကို...အပျိုကြီးများပါမကျန်ကြိုက်နေတဲ့ ခေတ်
ကင်ချီနဲ့   ဆိုဂျုနဲ့  ဗိုလ်လုနေတဲ့ ခေတ်
မယောင်ရာဆီလူး...မူးနေတဲ့ ခေတ်
အဲဒီလိုခေတ်ကို...ကျနော်ဖြတ်သန်းနေပါတယ်...
အမေရိကန်ကြက်ကျော်စားပြီးဖြတ်သန်းနေပါတယ်...။

လေပြေသုန်
AD 2012

Wednesday, December 19, 2012

''မိုးလေဝသ''


မျက်ရည်မြစ်ကို  ကိုယ့်ညီမလေးကမနမ်းတော့ဘူး
တံခါးဝ  မမျှော်တော့ဘူး
လက်ရေးလှ မကျင့်တော့ဘူး
စာရွက်နောက်ကျောကို  ကြည့်တဲ့  ၀င်းပမှုနဲ့ရယ်သံ
တွန့်ကြေနေတဲ့  လက်ကိုင်ပ၀ါကို
ဒီအတိုင်း  ခေါက်သိမ်းလိုက်တဲ့အခါ
အိပ်ရာခင်းတွေ  မတွန့်တော့ဘူး
သံယောဇဉ်မီးလို  မပူတော့ဘူး
ရှိခဲ့တာတွေ  ရှိစေတော့
ပြီးခဲ့တာတွေ  ပြီးစေတော့
ဒီမှာတော့  တုန်ခါမှု  တစ်ခုတစ်လေ  ကျန်ကောင်းကျန်မယ်
ရပ်ဝေးမြေခြား
ဒီမှာတော့  ပန်းတွေ  တအားကြွေတာပဲ
`…စကားအကျယ်ကြီးပြောတဲ့  အကျင့်ကိုဖျောက်နော်…
…အခုစကားအကျယ်ကြီး  မပြောတော့ဘူး…
…ဖျားချင်ယောင်ဆောင်တဲ့  အကျင့်ကိုဖျောက်နော်…
…အခု  ဖျားချင်ယောင်  မဆောင်တော့ဘူး…
…တစ်ခါတစ်ခါ  အရမ်းအငြင်းသန်တာပဲ…
…အခု ဘယ်တော့မှ မငြင်းတော့ဘူး…´
စွဲလမ်းမှု  တစ်ခုတစ်လေ  အရ
ဒါဟာ  အချစ်ကို  ရှာတွေ့ခဲ့တာလား
ယုံကြည်မှု  တစ်ခုတစ်လေ  အရ
ဒါဟာ  အချစ်ကို  မေ့ထားခဲ့တာလား
ဆိုရိုးစကားရဲ့  မိုးခေါင်ရေရှား  ကိုယ့်အိမ်တံခါးဝမှာ
အရမ်းကြွေတာပဲ…။


                                                                                သားဦး
                                                                       သရဖူ၊ မတ်၊ ၂၀၀၆

ကျနော် ဒီကဗျာလေးကိုချစ်လို့ တင်လိုက်ပါတယ်.....
မကွေးသား လူငယ်ကဗျာဆရာတစ်ယောက်ပါ....

Thursday, December 13, 2012