Sunday, December 2, 2012

မင်းတစ်ကွက်ရွှေ့ ငါတစ်ကွက်ရွှေ့

မင်းတစ်ကွက်ရွှေ့ ငါတစ်ကွက်ရွှေ့

by Aung Soe Min on Saturday, December 1, 2012 at 6:12pm ·

ပြောလေ
မင်းရဲ့စစ်တုရင် အရုပ်တွေ
လယ်ကွက်တွေပေါ် နေရာယူလိုက်
တောင်တန်းတွေပေါ် နေရာယူလိုက်
မြေပုံပေါ်မှာ စစ်တုရင်အရုပ်တွေပဲရွှေ့နေ
ခြောက်ဆယ့်လေးကွက် စစ်တုရင်ခုံက
ဝင်ငွေမလောက်ဘူးတဲ့လား...

ပြောလေ
အမှန်တရားမှာ ဆင်ခြေမရှိဘူး
မုသားမှာ ဆင်ခြေတွေ အနန္တ
မုသားတွေအတွက် တိုးချဲ့လိုက်တဲ့
လမ်းသွယ်တွေ၊ လမ်းကျယ်တွေ
လမ်းကွယ်တွေ၊ လမ်းဆွယ်တွေ
ခြောက်လမ်းမောင်း၊ ရှစ်လမ်းမောင်း
နှစ်ထပ်လမ်း၊ ဂုံးကျော်လမ်းတွေ
မိုင်တော်တော်ရှည်မှတော့
မင်းခရီးလမ်းဆုံး မရောက်သေးဘူးပဲ

ပြောလေ
မင်းဟာ ကုဋေရှစ်ဆယ်သူဌေးသား
ဘိုးဘွားအမွေတွေများ
ရှေးဟောင်းအမွေတွေများ
မြေပေါ်သယံဇာတတွေများ
မြေအောက်သယံဇာတတွေများ
အဲသလောက်များတဲ့ကြားက
မင်းဥာဏ်နည်းလို့
ဇာတ်ပေါင်းတော့
ကောင်သေဠင်းတကျ၏တည်း လို့ မလုပ်နဲ့
ဟို ကုဋေရှစ်ဆယ်သူဌေးသားက
ဥတစ်လုံး
ငါတို့က ဖွားဖက်တော် သန်းလေးဆယ်ကျော်နဲ့
ဒါမျိုးအဖြစ်မခံနိုင်ဘူး

ပြောလေ
ပြည်သူပိုင်သိမ်းတယ်ဆိုပြီး
ပြည်ဝမ်းကိုဖောက်
သမ္မာအာဇီဝ စီးပွားမျိုးစုံကို
ဓါးနဲ့ထောက်သိမ်းခဲ့ပြီး
အခု ပုဂ္ဂလိကပိုင်ပြုလုပ်ရေးဆိုပြီး
ကိုယ့်အချင်းချင်း ဝေစားလိုက်ကြတာပဲလား

ဒို့အမွေအနှစ်တွေ
ဒို့နဲ့ဆိုင်တယ်၊ ဘယ်သူမှ မပိုင်ဘူး
ဒို့ကာကွယ်တယ်၊ ဘယ်သူမှ ခြယ်လှယ်လို့မရဘူး
ဒို့အားထားရာဖြစ်တယ်၊ ဘယ်သူမှ ပွဲစားလုပ်လို့မရဘူး
ဒို့မြတ်နိုးတယ်၊ ဘယ်သူမှ လက်သိပ်ထိုးရောင်းစားလို့မရဘူး

ဒါမိုးအုပ်ချုပ်၊ လည်ဂုတ်ယားတယ်ဆိုတဲ့
ပဒေသရာဇ်ခေတ်မှာတောင်
ဒါမျိုးမဖြစ်ခဲ့ဘူး
ပတ္တမြားငမောက် တလုံးပြပြီး
မိုးကုတ်မြေကိုအပိုင်သိမ်းချင်တဲ့ ၀ိသမသားတွေကို
ဒို့ဘိုးဘွားတွေ ဘယ်လိုကာကွယ်ခဲ့သလဲ
မြန်မာ့သမိုင်းဟာရှည်တယ်
လက်ရုံးတစ်ဖက်၊ နှစ်လုံးတစ်ဖက်နဲ့
ဒို့ ဓါးထက်ခဲ့ကြလို့
ဒါပေမယ့် မှတ်ထား
ဓါးရိုးက ပြည်သူ့ဖက်မှာရှိတယ်။
သူခိုးကို ဓါးရိုးမကမ်းခဲ့ကြဘူး။
သမိုင်းတွေရှည်လေ
ဒို့အသိတွေ ကြွယ်လေပဲ။

ပြောလေ
မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာ
လောင်မီးကျရာ၊ ကောက်ရိုးနဲ့ကာ မလုပ်နဲ့
မုသားက ရှစ်လမ်းသွားဖြစ်နေပြီ

ပြောလေ
ပြည်သူဆိုတာ ထာဝရ
အစိုးရဆိုတာ သင်္ခတ၊တခဏ
သမိုင်းမှာ အမှန်တရား ဓါးထိုးခံရအောင်
ကိုယ့်ဗိုက်ကိုယ်ဖွင့်ပြီး
ရှေ့တက်မလာခဲ့ကြနဲ့

မုဆိုးရာသီလည်းကုန်ပြီ
ဂူအောင်းရာသီလည်းကုန်ပြီ
ကျောက်မောင်းဆင်တဲ့ခေတ်လည်းကုန်ပြီ
မီးကိုလည်းတွေ့ပြီးပြီ
သလေးစပါးစိုက်ပျိုးတတ်ခဲ့တာလည်း ကြာပြီ
ခုထိ
လူယဉ်ကျေးတွေ မဖြစ်ကြသေးဘူးလား
ထန်းပင်ပေါ်က ပြုတ်ကျပြီးသေတာ
ဘယ်အချိန်က ဖုတ်ဝင်ပြီးပြန်ထလာသလဲ မသိဘူး
အစားလောဘကြီးလိုက်တာလည်းလွန်လို့

အေး အရေးကြီးတာက
မင်းရဲ့စစ်တုရင်ရုပ်တွေက
ငါတို့လယ်တဲ တံခါးကိုလာခေါက်နေတော့
မင်းတစ်ကွက်ရွှေ့၊ ငါတစ်ကွက်ရွှေ့

သင်္ခတတွေ တစ်ကွက်ရွှေ့
ထာဝရတွေ တစ်ကွက်ရွှေ့  ။       ။

                          လွတ်လပ်အိမ်
                          1st Dec, 2012.

(လက်ပံတောင်းအရေး သွေးနွေးစဉ်မှတ်တမ်း)

No comments:

Post a Comment