Tuesday, November 6, 2012

ပြောပြန်ရင်လည်း လေပြေသုန်ပဲလွန်ရာကျမယ်....

by Lay Pyay Thone on Tuesday, November 6, 2012 at 4:06pm ·
သောက်ကျိုးနည်း
သောက်ဖြစ်မရှိတဲ့ အနုပညာနဲ့ 
သောက်ကြီးတွေကျယ်နေကြတာ...

ကျုပ်မှာတော့  ပြောချင်တာပြောခွင့် ရတဲ့ 
ကဗျာ တစ်ခုထဲကိုပဲ ဖက်တွယ်ထားပါတယ်
ခေတ်တွေစနစ်တွေကိုပြောမယ်...
လူတွေအကြောင်းပြောမယ်...
ဘ၀အကြောင်းပြောမယ်...
ဒါကိုမှ...အားမရသေးရင်...
လမ်းပေါ်မှာ ကဗျာတွေအော်အော်ရွတ်မယ်...

ကျုပ်ကဗျာတွေ လွတ်လွတ်လပ်လပ် အားရပါးရ ရေးမယ်
ကျုပ် ဘယ်ပါတီမှမ၀င်ဘူး
ကျုပ် ဘာဆိုင်းပုဒ်မှ မတတ်ဘူး
ကျုပ်ဝမ်း ကျုပ်ကြောင်းပြီး
ကျုပ်ကဗျာကျုပ်ရေးတယ်
အနုပညာကိုကျုပ်မသိဘူး
အနုပညာက ကျုပ်ကိုမသိလည်းရတယ်...

တစ်ချိန်မှာ ကျုပ်တို့ ထွက်သွားကြရမှာ
ကျုပ်ထားခဲ့ နိုင်တာ ကျုပ်ကဗျာ
ကျုပ်ယူသွားရမှာ...ကျုပ် ကုသိုလ်နဲ့ အကုသိုလ်
ခင်ဗျားတို့ နဲ့  ကျုပ်ဘာမှမပတ်သက်ဘူး
ကျုပ်ပြောရင် ကျုပ်အလွန်ဖြစ်လိမ့် မယ်။    ။

လေပြေသုန်
၆ နိုဝင်ဘာ ၂၀၁၂

ပစ္စက္ခကိုသုံးဆယ့်နှစ်ဒီဂရီတိမ်းစောင်းကြည့်ခြင်း


by Yatu Thit on Tuesday, November 6, 2012 at 11:31am ·

ဒေါင်လိုက်ဖြစ်နေတဲ့ဝင်ရိုးစွန်းပေါ် တစ်ပတ်ပြီးတစ်ပတ်
ငတ်နေတဲ့အသိတွေအတွက်အာဟာရဖြည့်ဖို့မလွယ်ဘူး ။

ထန်းရည်မူးမှကျွဲခိုးပေါ်တာမဟုတ်..အမှန်တရားတွေလူးလွန့်လာရင်လည်း....
မသိမမီလိုက်တဲ့အဖြစ်အပျက်တွေအတွက် ရင်အက် ထိရှလာ
"ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်"ကိုအခါခါဖတ်ပြီးဒေါမနဿအဆိပ်တွေပျံ့လွင့်
မျှော်လင့်ခြင်းတွေထုပ်ပိုးသွားတဲ့မချိမဆံ့ယဇ်ကောင်တွေနဲ့
ဝံပုလွေဇာတ်ဝင်ခဲ့ကြတဲ့အာဆန်ကုန်းပါးကွက်သားတွေအကြောင်း..
သမိုင်းမဟောင်းသေးပါဘူး..တစ်ပတ်ပြန်လည်
"၀ံပုလွေများထံမှလွတ်မြောက်ခြင်း" ရရှိသူတွေအကြောင်းတိမ်းစောင်းလိုက်
"နောက်ကြည့်မှန်"လေးထုတ်ထုတ်ကြည့်ရင်းတိမ်းစောင်းလိုက်
ဆန့်ကျင်ဖက်အသိတွေဆွဲဆွဲညှိရလွန်းတော့ဦးဏှောက်က နာတယ် ။

ရင်ဘတ်မပါတဲ့ခံစားမှုအတုတွေထုတ်လုပ်ဖို့
မိုးစုန်းစုန်းချုပ်နေတဲ့ဝိညာဉ်ကိုမနိုးထစေချင်ခဲ့
တည့်တည့်လျှောက်လို့မရတိုင်းကွေ့ကောက်သွားကြစတမ်းဆိုရင်
ဘယ်လိုမြင်ခွင့်ရနိုင်ပါတော့မလဲ?..အနု အလှ သစ္စာ တရားတွေ
နယ်မြေတွေက မကျဉ်းပါဘူး
အသိဉာဏ်တွေမကျယ်ပြန့်တာ
မာယာရဲ့အညှို့မှာ သစ္စာတွေ မေ့ဆေးမိနေတာ
အိုဇုန်းလွှာလိုဖြစ်လာတဲ့အသိလွှာတွေဖာထေးချုပ်စပ်ရင်း
တိမ်းစောင်းမိတယ်...
ဖတ်ရင်း/တွေးရင်းတိမ်းစောင်းမိရဲ့ ။

လုပ်အားခမရှိမှတော့  ၀င်ငွေဘယ်လောက်လဲ? မေးရင် အဖြေမရှိ
အသိတစ်ခုကိုအသိတစ်ခုနဲ့လိုက်မျှားရုံနဲ့မရချင်
အသက်ငင်နေတဲ့ ခေါက်ဥယျာဉ်လေးထဲကဆင်ဖြူတော်တွေ/ခြင်္သေ့တွေ
အပေးအယူအတွက် ခုန် ခုန်ထွက်သွားကြပေါ့
မျိုးတုံး ပျောက်ကွယ်ကြတော့မယ် ။

ဝါးအစည်းပြေသလိုဖြစ်နေတဲ့အသိတွေစုစည်းဖို့
မီးရဲရဲညှိထားတဲ့ရင်ဘတ်ကိုတစ်ဆင့်ချင်း ဖွင့် /ပိတ်
"ငှက်ဆိတ်ထားတဲ့သစ်စည်း"လေးကိုအာရုံကခေါင်းညိတ်ပြခဲ့
အဲဒီလို တိတ်တဆိတ်လည်း တိမ်းစောင်းမိ  ၀င်ရိုးပေါ်မှာ ။

ကဗျာရဲ့သင်္ခါရနဲ့နိယာမကိုစူးစမ်းရင်း မိုးလင်း /မိုးချုပ်
ဆင်းငုပ်နေမိတာက "လီရနာ ၊ဂင်္ဂါ ၊ဧရာဝတီ..."
ပီပြင်နက်ရှိုင်းလွန်းရဲ့
သိမ်မွေ့နူးညံ့လွန်းရဲ့
ခက်ခဲရှုပ်ထွေးလွန်းရဲ့
မွန်းချင်မွန်းစမ်း..အားတင်းလို့ရှာနေဆဲ
လောလောဆယ်တော့ ကမ္ဘာကြီးတစ်ခုလုံးကို
သူ့ထက်ပိုတဲ့ဒီဂရီနဲ့တိမ်းစောင်းကြည့်နိုင်ဖို့
အသိဗို့အားတွေဖြည့်ဆည်းရင်း
သစ္စာရဲ့အလင်းကိုချဉ်းနင်းဝင်ရောက်ကြည့်နေမိတယ်..
တစ်နေ့တစ်လံ..။

                                     ရတုသစ်
                      (6 /11 /2012--- 10: 17 AM)

(မှတ်ချက်)   "....."  လေးတွေထဲကစာသားများဟာ စာအုပ်အမည်များဖြစ်ပါကြောင်း ။

စိတ်လိုက်မာန်ပါရဲ့ နောက်ဆက်တွဲဆိုးကျိုး

by Mg Minsoe on Monday, November 5, 2012 at 7:18pm ·

သတင်းများကပြောသော ဆင်ခြင်ဖွယ်ရာ(၁)
    အခုတလော အွန်လိုင်းစာမျက်နှာများရော၊ ပြည်တွင်းထုတ် ဂျာနယ်အတော်တော်များများမှာတော့ စိတ်လိုက်မာန်ပါ လုပ် လိုက်မိပြီး လူသတ်မှုတွေအထိ ကျူးလွန်းတဲ့သတင်းတွေ ဖတ်နေရတာ စိတ်မကောင်းစရာအဖြစ်အပျက်တွေလို့ ဆိုရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အချို့သော အဖြစ်အပျက်လေးတွေဟာ ဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့ သေစေတဲ့အမှုတွေအထိ ကျူးလွန်း တာဟာ နှစ်ဦးနှစ်ဖက် ဘဝပျက်တာကနေ ဘဝဆုံးရှုံးတဲ့အထိ စလေးလိုက်ကြရပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အဓိကတော့ စိတ်ပါပဲ။ စိတ်ဆိုတဲ့နေရာမှာတော့ ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်ဆိုပြီး ခွဲခြားသိဖို့တော့ လိုအပ်ပါတယ်။ မကောင်းမှုဆိုတဲ့ အကုသိုလ်လုပ်ရပ်ရဲ့ လက္ခဏာကတော့ အပြစ်နှင့်တကွဖြစ်ခြင်း။ မကောင်းသောအကျိုးကို ပေးခြင်းဆိုပြီး ဖွင့်ဆိုထားပါတယ်။ ဒါကတော့ မကောင်းမှုလုပ်တိုင်းဖြစ်ပေါ်လာမယ့် အကျိုးတရားပေါ့။ အထူးသဖြင့် လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့ မကောင်းမှုတွေ ကို ကြည့်လိုက်မယ်ဆိုရင်တော့ ဒေါသစိတ်ကြောင့် အဓိကဖြစ်ပေါ်နေတာ တွေ့ရပါတယ်။
    ဒေါသံ အတ္ထံ န ဇာနာတိ-ဒေါသဖြစ်ပေါ်နေရင်၊ ကောင်းတာ၊ မကောင်းတာ၊ အကျိုးရှိတာ၊ မရှိတာ ခွဲခြားပြီးမသိတော့ဘူး တဲ့။ ဆိုလိုတာက ဒေါသလွှမ်းမိုးတဲ့အတွက် မကောင်းမှုတွေမွှန်နေပြီး ဘာမှမမြင်တော့တဲ့သဘောပေါ့။ မှန်ပါတယ်။ ဒေါသဟာ လောကကြီးကို အပြုသဘောဘယ်တော့မှ မဆောင်စေဘဲ အပျက်သဘောကိုပဲ အမြဲတန်းဦးတည်စေပြီး ကမ္ဘာကြီးတစ်ခုလုံး ဟိုဟိုဒီဒီ မီးဟုန်းဟုန်းတောက်လောင်နေကြရတာဖြစ်ပါတယ်။ ဒါဟာ ခုနကပြောခဲ့သလို ဒေါသအခြေခံပြီး ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ အခုတလော အင်တာနက်နဲ့ ဂျာနယ်မှာ အတော်လေး ဟိုးလေးတကြော်ဖြစ်သွားတဲ့ သတင်းအချို့ကို ပြောပြချင်ပါတယ်။ နစ်နာစေလိုတဲ့ သဘောမဟုတ်ပါဘူး။ လူငယ်လေးတွေအနေနဲ့ အထူးသတိပြုပြီး လိုက်နာပြီး သင်ခန်းစာလေးတွေ ယူစေချင်တဲ့ ဆန္ဒကြောင့် အပြုသဘောနဲ့ ထောက်ပြဝေဖန်တဲ့အနေနဲ့ ပြောပြလိုခြင်းဖြစ်ပါတယ်။
    ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ ရုပ်ရည်ချောမောပြီး ဘယ်လိုမှ မထင်ရက်စရာဖြစ်ပေမယ့် လူသတ်တရားခံ ဖြစ်သွားရတဲ့ ဒီသတင်းဟာ အတော်လေးကိုပြန်နှံ့သွားပါတယ်။ အိမ်ဖော်မလေးကို ညှင်းပန်းနှိပ်စက်မှုနဲ့ လူသတ် တရားခံဖြစ်သွားခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်လေးဟာ သိပ်ပြီးမထူးဆန်းလှတဲ့ အဖြစ်အပျက်လေးပါပဲ။ ဒါပေမယ့် နောက်ဆုံးတော့ လူသတ်မှုအထိ အထမြောက်သွားခြင်းဟာ သူ့ရဲ့တက်လမ်းကို ရိုက်ချိုးခံလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ သူဟာ ပြည်တွင်း ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အရွေးခြယ်ခံထားရတဲ့ မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အနာဂတ်ထင်ပေါ်ကြားမှုဆိုတဲ့ လမ်းကြောင်းပေါ်ကနေ သူကိုယ်တိုင်ဆွဲချ လိုက်ခြင်းပဲဖြစ်ပါတယ်။ အသက်အရွယ် ကောင်းတုန်း၊ နုပျိုလန်းဆန်းနေတဲ့အရွယ်၊ ရုပ်ရည်ကလည်းချောမောလှပပြီး ပြည်သူချစ်သောသရုပ်ဆောင်ဆိုတဲ့ လမ်းကြောင်းပေါ် ကို မကြာခင်အချိန်လေးအတွင်းမှာ လျှောက်လှမ်းရမယ့် အခွင့်အရေးတွေ အလိုလိုဆုံးရှုံးသွားတယ်ဆိုတော့ ဒါဟာသူ့ရဲ့ ပင်ကိုယ် ဗီဇကြောင့်ပဲလား၊ သို့မဟုတ် တခဏတွင်းဖြစ်ပေါ်သွားတဲ့ ဒေါသစိတ်ကလေးကို မထိန်းသိမ်းလိုက်နိုင်လို့ပဲလား အခုတော့ ရေစုန် မျောသွားရပြီးပေါ့။
    အနာဂတ်မှာ မဖြစ်မနေ နေရာတစ်ခုခုမှာ တာဝန်ယူကြရမယ့် လူငယ်လေးတွေအနေနဲ့ ဒါမျိုးလေးတွေကို အတုယူစေ ချင်ပါတယ်။ မကြာခင်တဲ့အချိန်တိုကလေးအတွင်းမှာ အစစအရာရာဆိုသလို ပုခုံးလက်ပြောင်းအနေနဲ့ ထမ်းဆောင်ကြရတော့ လူမှုရေးရာအဖြာဖြာတွေအတွက် စိတ်ဓာတ်ကို မြှင့်တင်ထားဖို့ လိုပါတယ်။ စိတ်ဓာတ်မြှင့်တယ်တယ်ဆိုတာ စိတ်ဓာတ်ဖြူစင်ပြီး၊ အကောင်းမြင်စိတ်နဲ့ နူးညံ့တဲ့၊ စာနာတတ်တဲ့၊ ခွင့်လွှတ်သည်းခံတတ်တဲ့၊ သနား ကြင်နာတတ်တဲ့ စိတ်ကလေးတွေနဲ့ လောကကြီး ကို အမိအရဆုပ်ကိုင်ပြီး လှပစွာ အနာဂတ်ခရီးလမ်းကို ရဲရဲဝံ့ဝံ့ထမ်းဆောင်စေချင်ပါတယ်။ ဒါကြောင့် တကယ်လို့ လူငယ်ပီပီ ဒေါသကြောင့် ဖြစ်ပေါ်လာတဲ့ မနာလိုမှုတွေ၊ မုန်းတီးမှုတွေ၊ ရန်ငြိုးဖွဲ့မှုတွေစတဲ့ မကောင်းမှုတွေကို ခုချိန်ကစပြီး ရှောင်ရှားနိုင်ဖို့၊ ကိုယ့်စိတ်ကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့ တိုက်တွန်းလိုပါတယ်။ ဒေါသစိတ်ကလေးကို ချုပ်ကိုင်လိုက်တာနဲ့ တပြိုက်နက် နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း မဖြစ်ပေါ်တော့ဘဲ အလိုလို ပယ်ရှင်းလိုက်သလိုဖြစ်သွားတယ်။ ဒါကြောင့် ခဏတွင်းဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကလေးကို သတိတရားဆိုတဲ့ ချည်တိုင်မှာ မြဲမြံစွာ ချည်နှောင်ယစ်ဖွဲ့ပြီး ထိန်းသိမ်းနိုင်ဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။
     ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ဝါရယေ။
    တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနော။
    လိမ္မာတဲ့ ရထားထိန်းဟာ လျင်မြန်စွာ ပြေးသွားနေတဲ့ ရထားကို(လမ်းမလွဲရအောင်) ထိန်းချုပ်တားမြစ်နိုင်သလို ဖြစ်ပေါ် လာတဲ့ အမျက်ဒေါသကို တားမြစ်နိုင်သူအား လိမ္မာတဲ့ ရထားထိန်းဟူ၍ ငါဘုရားရှင် မိန့်ဆို၏။
ဤမှတပါး ရိုးရိုးပကတိ ရထားထိန်း သည် ရထားကြိုးကိုင်မျှသာ မည်ပေ၏။
Whosever checks his rising anger as a clever driber a rolling-charoit-him
    I call a true charioteer; other are only rein- holder.
    ဒါနဲ့တဆက်တည်းပြောရမယ်ဆိုရင် ချစ်သူရဲ့လှည့်စားမှုကို ခံရတယ်ဆိုပြီး ကိုယ့်ချစ်သူကို မီးရှို့သတ်ခဲ့တဲ့ လူငယ်တစ်ယောက် အကြောင်းကိုလည်း ဖတ်လိုက်သေးပါတယ်။ ဒီနေရာမှာလည်း တကယ်ဆန်းစစ်ကြည့်မယ်ဆိုရင် လှည့်စားသူရော၊ လှည့်စားခံရတဲ့ လူရော မကောင်းတဲ့အဖြစ်ဆိုးမျိုး ကြုံတွေ့လိုက်ရတာပါပဲ။ တကယ်တော့ မီးရှို့သတ်တယ်ဆိုတာဟာလည်း အတော်လေးကို ရက်စက် လွန်းတဲ့ အဖြစ်အပျက်ပါပဲ။ နောက်တစ်ဖက်ကတွေးမယ်ဆိုရင်လည်း တစ်ဖက်ကလည်း မီးရှို့သတ်ခံရလောက်အောင် လှည့်စား လိုက်တာဟာ မကောင်းတဲ့လုပ်ရပ်ပါပဲ။ ဆိုတော့ ဒါတွေဟာ ဒေါသစိတ်ကြောင့်ဖြစ်ပေါ်သွားရတဲ့ မကောင်းတဲ့ဆိုးကျိုးတွေပါ။ သေသွားတဲ့လူလည်း မကောင်းသလို၊ မီးရှို့သတ်တယ်ဆိုတဲ့ ချစ်သူဟာလည်း ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေရဲ့အပြစ်ပေးခြင်းကိုတော့ မုချ ခံစားရပါလိမ့်မယ်။ အလားတူပါပဲ ပုဇွန်တောင်မှာလည်း အမျိုးသမီးတစ်ဦးကို မောက်မာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခဏတွင်း ဖြစ်ပေါ်သွားတဲ့ ဒေါသကြောင့်ပဲ လူသတ်မှုဖြစ်သွားပြန်ပါတယ်။
    လူသတ်တရားခံရဲ့ အပြောအရတော့ အဖြစ်အပျက်ဟာ ဘာမှမပြောပလောက်တဲ့ လမ်းသွားစင်လေးမှာ ဖြစ်သွားရတဲ့ အကြောင်းပါပဲ။ လမ်းဘေးကရေအိုင်လေးမှာ ရေဆေးစဉ် အနီးအပါးက ဖြတ်လျှောက်သွားတဲ့ အမျိုးသမီးကို စင်သွားခြင်းကြောင့် တောင်းပန်မှုလုပ်ခဲ့သော်လည်း ညစ်ညမ်းစွာဆဲရေးမှုတွေ လုပ်တာကို မကျေနပ်ဘဲ အငြိုးအတေးထားပြီး လက်စားချေလိုက်တဲ့ အမှုတစ်ခုပေါ့လေ။ တစ်ခါတလေမှာတော့ အမှုလေးတွေဟာ ဘာမှမဟုတ်ဘူးဆိုပေမယ့် ခံစားလိုက်ရတဲ့ လူတွေဟာ ဒါကိုတနုံ့နုံ့တွေးပြီး မခံမရပ်နိုင်ဖြစ်သွားပြီး ရန်ငြိုးတေးထားလိုက်ပါတယ်။ အခွင့်သာတုန်းမှာတော့ ပြန်လည်ပြီးတော့ ရန်ြေ
    နောက်ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ဒီအဖြစ်အပျက်ကလည်း သာမန်အဖြစ်အပျက် ပါပဲ။ ဒါပေမယ့် ဆိုင်ပိုင်ရှင်ဖြစ်သူရဲ့ ဖြေရှင်းချက်ကိုတော့ နားမလည်သလို ဖြစ်သွားရပါတယ်။ အလုပ်ထုတ်တဲ့ ကိစ္စတွေကြောင့် တိုင်တန်းလိုက်တဲ့ ကိစ္စပါပဲ။ အလုပ်သမားတွေကဘက်ကနေ ရပ်တည်သွားတဲ့အတွက်ကြောင့် အလုပ်ပြုတ်သွားတဲ့ မန်နေဂျာရဲ့ အပြောကတော့ အဆိုပါအလုပ်ရှင်ဟာ အလုပ်သမားတွေကို ဆုံးမတာဟာ တစ်ခါတလေမှာ သွေးထွက်သံယိုအထိ ရိုက်နှက်မှုတွေကို ပြုလုပ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဒီအလုပ်ကို ပြန်လုပ်ဖို့အတွက် နောင်လာမယ့်အလုပ်သမားတွေကို ဒီလိုမျိုး ရိုက်နှက်မှုတွေ မပြုလုပ်အောင် တိုင်ကြားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဒီအထိကတော့ ဘာမှထူးထူးထွေထွေ မပြောချင်ပါဘူး။ ဒါပေမယ့် ညှိနှိုင်းပြီးအဆင်ပြေသွားတယ်ဆိုပေမယ်။ အလုပ်ရှင်ရဲ့ ထွက်ဆိုချက်ကြီးကိုတော့ မနှစ်မြို့ပါဘူး။
    သူထွက်ဆိုသွားတာက ''ကျွန်တော်ကိုယ်ထိလက်ရောက် လုပ်တယ်ဆိုတာကလည်း မိဘတစ်ယောက်လို ဆုံးမတာပါ''တဲ့။ ဒါကိုတော့ စိတ်ထဲမှာ တစ်မျိုးကြီးလို့ ခံစားရပါတယ်။ သူ့အနေနဲ့ အလုပ်သမားတွေကို မိဘတစ်ယောက်လို့ ဆုံးမပိုင်ခွင့်ရှိသလား ဆိုတဲ့ မေးခွန်းပါပဲ။ ဒါဟာ သူ့ကိုအပြစ်တင်လိုတဲ့သဘောမဟုတ်ဘူး။ နောက်သောအခါမှာ ဒီလိုထွက်ဆိုချက်ကြီးနဲ့ အမှုပြီးသွားမယ် ဆိုတာကြီးတွေ မဖြစ်အောင် အသိပေးခြင်းပါပဲ။ ညှိနှိုင်းပြီးအဆင်ပြေသွားတာကိုတော့ ကျေနပ်ပါတယ်။ ဒါပေမယ့် ဒီအဖြေမျိုးကြီး စာမျက်နှာပေါ် ရောက်လာပြီး လုပ်သက်သုံးလအတွက်း အထုတ်ခံရလို့ တစ်လစာနစ်နာကြေး ပေးပြီးအမှုကျေအေးလိုက်တယ်ဆိုတဲ့ သတင်းကြီးအနေနဲ့တော့ တက်လာတာကြားရသူအတွက် သိပ်ပြီးအဆင်မပြေသလိုဖြစ်သွားလို့ပါ။ စောဒကတက်လာမယ်။ ခုနကတော့ ဒေါသစိတ်ကို ဖြေဖို့ပြောနေပြီး အခုရှေ့နောက်မညီဘဲ ရေးပြန်ပြီဆိုတဲ့သဘော။ နားလည်မှုလွဲနေသလားလို့၊ နောက်တစ်ချက်ကလည်း ဒီလို ဒေါသရှေ့ထားမှုတွေနဲ့ မဖြစ်သင့်တဲ့အမှုတွေ ဆက်ပြီးမကျုးလွန်မိအောင် မီးမောင်းထိုးပြတဲ့သဘောပါ။ မိမိအနေနဲ့ လေ့လာ ဖူးတဲ့၊ မှတ်သားဖူးတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၅)မှာတော့ ဒီလိုလေး မှတ်သားဖူးလို့ပါ။ မည်သူ့ကိုမျှ မတရားနှိပ်စက်ခြင်း မပြုရတဲ့ ဟုတ်သလားဆိုတာ အဲဒီကြေညာစာတမ်းကို ပြန်ဖတ်ကြည့်ပေါ့လို့ပဲ မှာကြားလိုက်ချင် ပါတယ်။ ဒီတော့ သူ့ရဲ့ထွက်ဆိုချက်ဖြစ်တဲ့ မိဘတစ်ယောက်လို ဆုံးမတာပါဆိုတာ သဘာဝကျသလားဆိုတာ တွေးကြည့်စေချင်ပါတယ်။  ကဲထားပါ။ အဓိကကတော့ ကျေလည်သွားတာကိုပဲ ကိုယ်နဲ့မဆိုင်ဘဲ ကျေနပ်မိပါတယ်။
    ပြန်ပြောချင်တာကတော့ ဒီလိုဒေါသစိတ်တကို ရှေ့တန်းတင်ပြီး မပြုသင့်တာတွေ မပြုမိအောင်၊ မလုပ်သင့်တာတွေ၊ မလုပ် မိအောင်၊ မပြောသင့်တာတွေ မပြောမိအောင် မိမိတို့ရဲ့ စိတ်ကလေးတွေကို သတိဆိုတဲ့ချည်တိုင်မှာ မြဲမြဲမြံမြံ ချည်နှောင်ထားနိုင်ပါစေ ကြောင်း တိုက်တွန်းရင်း ကဗျာလေးတစ်ပုဒ်ကို လက်ဆောင်ပေးလိုပါတယ်။ ဒီကဗျာကလေးကတော့ စလေးဦးပုညအနေနဲ့ မြို့ဝန် ဦးသာအိုးအနေနဲ့ အဆုံးစီရင်ခံခဲ့ရပြီး သေအံ့ဆဲဆဲမှာ ရေးသားထားခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။
    ဟုတ်ပလေ၊ နှုတ်ချွေဟရမှာဖြင့်၊ ပုဗ္ဗေစ ထင်လေ။
    ကောသလရယ်လို့၊ လောကမှာ အသေရေလျှမ်းပါတဲ့၊
    ရွှေနန်းစံရာအိမ်တောင်မှ၊ ခါချိန်တန်ပျက်စမြဲပေမို့၊ စွဲမိသံဝေ။  
    အကုသိုလ် အာဃာတကပ်ရယ်က၊ ယခုလိုလာလို့ ဖြတ်သော်ကြောင့်၊
    ဇရပ်သို့ ပြေးရချေ၊ ခွေးသေသို့ သေရငြား။
    သိလျက်နှင့်ပင်၊ ဝိပါက်ကြမ္မာငင်တော့၊ ရွှေÓာဏ်ရှင် ဝေမခွဲနိုင်ဘု၊ ပွဲတွေ့အမှား။
    အားလုံးမေတ္တာပန်းများပွင့်လန်းနိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ ဘဝပိုင်ရှင်များအဖြစ် ကိုယ်စီတည်ဆောက်နိုင်ပါစေ။

မောင်မင်းစိုး
စတိုင်သစ်မဂ္ဂဇင်း၊ ၂ဝ၁၂၊အောက်တိုဘာ


မရေးချင် ရေးချင် အရေးအသားတစ်ခု

by Ko Hmine on Tuesday, November 6, 2012 at 9:20am ·
အများညီတိုင်း---
လင်းတ ကို ဇာမဏီ ဖတ်ရလောက်အောင် မာနမဲ့ ပြီး
ဆင်ခြင်တုံတရား နုံနဲ့ သူလည်း မဖြစ်ခဲ့ ပါဘူး
သိသလောက်လေးနဲ့  ဟန်ရေးပြတဲ့ အုန်းသီးရ မျောက်တစ်ကောင်အချိုး
လူတောထဲတိုးပြီး အရှက်မမဲ့ တတ်ပါဘူး
ဝန်ခံဖို့ ကို ဝန်လေးပြီး တောင်းပန်နှေးရင် အငြိုးအတေးဖွဲ့ 
တူအလှည့် ကို ကြိတ်ကြံစောင့် နေသူလည်း မဟုတ်ပါဘူး
အသုံးမတည့် တာကို ဒါနအိုး အကြီးကြီးထဲ ထည့် ပြီး
ကမ္ဗည်းကျောက်စာ တန်ဖိုးပိုသာထိုးတတ်သူလည်း မဟုတ်ဘူး
အကြောင်းရင်းခံမသိပဲ လဲနေသူတိုင်းကို ထူပေးဖို့ 
စေတနာလွန် စွန့် လွှတ်ပေးဆပ်နိုင်တဲ့  ပါရမီလည်း မရှိဘူး
လမ်းကြုံတိုင်းဝင် လှမ်းမြင်တာနဲ့  အတင်းဝင်ရော
ဖောချင်းသောချင်း စကားတင်းလည်း မဆိုတတ်ဘူး
အားလုံးနဲ့ အဆင်ပြေပေမဲ့  အားလုံးနဲ့ ရောနှော
သောသောညံ ခွက်ချင်းတိုက် မနေတတ်ဘူး
---မဖြစ်ဘူး
---မဟုတ်ဘူး
--မမဲ့ ဘူး
--မရှိဘူး
---မတတ်ဘူး
--မပြောဘူး
ဘူး တွေများနေပေမဲ့ 
"ဘူး" တစ်လုံးဆောင်တာ လည်း မဟုတ်ဘူး
ဒီလိုနဲ့ ပဲ--
အခုလျှောက်ရေးနေတာတွေလည်း ဘာမှ မဟုတ်တော့ ဘူး----။  ။

မှိုင်း (ဆေး ၂ )

Thursday, November 1, 2012

မလိုင်ဖတ်အကြောင်းများ

by Winzaw Lwin on Tuesday, April 10, 2012 at 2:18pm ·
ပြီးတော့
“ဒါပဲလား”...တဲ့
အကြည့်တွေက
အစိတ်စိတ်အမွာမွာနဲ့
ပါဒတွေ၊ အနာတွေ၊၂၄နာရီတွေ
ဝိုင်ယာကြိုးလိုဆက်စပ်တဲ့ဒုက္ခတွေနဲ့
မှတ်စုကိုအဖွင့်
ယဉ်ကျေးပျူဌာသောအလင်းရောင်အယူအဆနှင့်
ဥပါယ်တံမျဉ်ဖြင့်လမ်းကျွမ်းတဲ့ပိုးမွှားများ
စွမ်းစွမ်းတမံတောက်ပလို့
ဓမ္မဓိဋ္ဌာန်ကျကျစုပြုံသောအဖြစ်အပျက်အပေါ်တွင်
အမှန်တရားအားမကျူးကျော်လိုသောဝီရိယများ
တဖက်ကမ်းခတ်တတ်ကျွမ်းသောကစားနည်းများ
အလွမ်းအားမပုတ်မသိုးအောင်ဆေးစီရင်ထားသောဝါဒများ
အားလုံးဆုတောင်းပူဇော်လိုက်ရမလား
ထပ်တူထပ်မျှခံစားရာ၌
ပုံပြင်များတုန်ရီလှုပ်ခါ
ဆူလွယ်နပ်လွယ်ရာအမှတ်သည်းခြေတို့ဥသြဆွဲ
ဆည်းဆာထဲရင်ခုန်သံအဟောင်းတွေပြင်ဆင်ရင်း
မြင့်မြတ်သောဓမ္မသီချင်းဖြင့်တိုင်တည်အံ့ ။

ဝင်းဇော်လွင်

အထူအပါးလည်းနားမလည် လူစကားလည်းနားမလည်ကြပါဘူး အစ်ကို

by Thetnyain Thit on Friday, July 27, 2012 at 12:10pm ·

ကုတင်ပေါ်ကျွန်တော်တစ်ယောက်ထည်း ပေါက်ပြဲနေတာဘယ်သူမှမသိဘူး
ခင်ဗျားကိုကျွန်တော်သတိရနေတယ် သံလမ်းမှာ ဖျံဖမ်းသမားကဗျာရွတ်ခဲ့တာကိုသတိရနေတယ်
ဘယ်တော့မှကျဆင်းမလာတတ်တဲ့ ခင်ဗျားရဲ့မျက်ရည်စက်တွေကိုရော
ခင်ဗျားပြောပြဘူးတဲ့ ရွှေတောင်ကြားက ခွေးမလေး`ပျော်ရွင်စရာ´ကိုရောသတိရနေတယ်
ယုဇနပလာဇာ ဟဲလို!လိုင်းခွဲ . . . .ကဖုန်းသံလေးကိုတော့ ခင်ဗျားအမြဲမျှော်လင့်နေမှာပဲ
ည(၁)နာရီ (၄၅)မျက်လုံးထဲ ကပတိန်ဂျက်စပဲရိုးလ်လိုခင်ဗျားမျက်နှာကြီးကို
ခေါင်းစဉ်တပ်လို့မရတဲ့ ပန်းချီကားတစ်ချပ်ရေးဆွဲနေတယ်
လူတွေကနားမလည်ကြဘူး ဘယ်လိုလှည့်ပေးရမလဲ ခင်ဗျားလည်းအလဲလဲအကွဲကွဲ
ကျွန်တော်လည်း အပြဲပြဲအရွဲရွဲ ရန်ကုန် ရင်ခုန်စရာတော့ကောင်းတယ်
ပေးသလောက်ပြန်မရဘူး ရသလောက်နဲ့ ဘ၀ ရပ်တန့်နေလို့လည်းမရဘူး
သောက်ရူးတွေကတော့ သောက်ရင်းရူးရင်း မျက်ခြေပြတ်လို့
ရယ်စရာပါပဲ၊  ပျင်းစရာမကောင်းဘူးလား ခင်ဗျားပျင်းနေပြီကျွန်တော်သိတယ်
အပြင်မှာလရောင်ကို အမှောင်နဲ့ရောထားတဲ့ အရောင်တစ်ရောင်ဖြာကျနေတယ်
ဒါလည်းပန်းချီကားထဲထည့် ဆွဲနေတယ်
ဒီဇင်ဘာက သူ့ကိုယ်ရည်ကိုသွေးကို အစွမ်းကုန်ထုတ်ပြနေပြီ
ဟိုကောင်ကြီးတွေကတော့ ဂုဏ်သရေရှိငွေစက္ကူပုလင်းကြီးထဲက
ဝါကျင့်ကျင့်အရောင်တွေကို မော့သောက်လို့ နှစ်သစ်ကိုလူအဟောင်းကြီးတွေနဲ့ခုန်ကူးဖို့
စောင့်မျှော်နေကြလေရဲ့
ခင်ဗျားဘယ်မှာလည်း အခုမနက်(၂)နာရီ ခင်ဗျားဘယ်မှာရှိနေသလဲ
ယုဇနမှာ လူ့ဘ၀ကရီစရာကောင်းတယ်လို့တွေးနေမလား
မြောက်ဥက္ကလာမှာ အထားအသိုလွဲမှားနေတဲ့လူ့အဖွဲ့အစည်းကို ကဗျာရေးနေမလား
မစိုးရိမ်မှာ ခင်ဗျားစိုးရိမ်နေလိမ့်မယ် သေချာတယ်
ချမ်းချမ်းစီးစီးနဲ့ နို့စာနေမယ့်ခွေးပိန်လေးတွေအတွက်
တဖြည်းဖြည်း ပရုပ်လုံးလိုအငွေ့ပျံပါးလျလာတဲ့ ကိုယ်ချင်းစာတရားတွေအတွက်
ဗုံးကွဲသံကို သီတင်းကျွတ်ဗျောက်ဖောက်သံလိုနားယဉ်နေတဲ့ စစ်မြေပြင်ကလူမမယ်တွေအတွက်
မုန်တိုင်းထဲဆွဲမိဆွဲရာ ကောက်ရိုးမျှင်လေးတွေအတွက် ခင်ဗျားစိုးရိမ်နေလိမ့်မယ်
အခုတစ်လော ကျွန်တော်လည်း စကြ၀ဠာဆီခရီးထွက်ပြီး
အင်္ဂါဂြိုဟ်ကနေကမ္ဘာကြီးကို ပန်းချီကားတစ်ချပ်ရေးချင်နေတယ်
ဂွေးသီးအစေ့ကြီးလိုလေ ရယ်စရာမကောင်းဘူးလား
ဖရိုဖရဲဖြစ်စဉ်တွေထဲမှာ လူသာလာပါဖောက်လွဲဖောက်ပြန်မျက်နှာဖုံးတွေယူမလာပါနဲ့ဆိုတော့
သိဒ္ဒတ္ထမင်းသားတောထွက်ခါနီး ဘာပြောသွားသလဲတဲ့ အဟား! ရယ်ရတယ်ဟ
တကယ်တကယ် ဖောက်လွဲဖောက်ပြန်စုစည်းချည်နှောင်ထားလို့မရအောင်ပိုင်းစစိတ်မွှာနေတဲ့ခေတ်ထဲမှာ
သစ္စာတရားကိုကျွန်တော်တို့မေးခွန်းထုတ်နေကြတာလေ ရီစရာမကောင်းပေဘူးလား
ဟိုကောင်ကြီးတွေကတော့ ခပ်တည်တည် ဒါပေမယ့်ခင်ဗျားပြောသလို
`အထူအပါးလည်းနားမလည် လူစကားလည်းနားမလည်´ကြပါဘူးဗျာ
ထားပါလေညဥ့်နက်လှပြီ မနက်ကြမှဆက်ဟားကြတာပေါ့ အခု(၃)နာရီထိုးသွားပြီ
ဒါနဲ့ ခင်ဗျားဘယ်မှာလည်း
 ယုဇန၊မြောက်ဥက္ကလာ၊မစိုးရိမ်နဲ့ အခြား etc . . . . . .။

                                                                            သက်ငြိမ်သစ်
                                                                        (၂၃ ဒီဇင်ဘာ ၂၀၁၀)