Monday, October 1, 2012

2C15

 
 by Shwe Phayoung on Monday, October 1, 2012 at 11:22pm ·

မမြင်နိုင်တဲ့ကြိုးတွေကသုညကစရစ်ပတ်လို့
တရစ်ခြင်းတရစ်ခြင်း..ခိုင်..မြဲ…
တကယ်တော့မင်းနဲ့ငါဟာ လက်တန်းရေးကဗျာ
ကံ့ကော်ပင်တွေမရှိဘူး.. အဓိပတိလမ်းလဲမရှိဘူး
စပါးခင်းစိမ်းစိမ်းနဲ့လယ်ကွင်းပြင်ကြားမှာ
ခပ်ထီးထီးအဆောက်အဦထဲက မျဉ်းလေးတွေ

သူငယ်ချင်းရေ..
ရောင်စုံမျဉ်းပြိုင်တွေကြားကမျဉ်းတစ်ကြောင်းအဖြစ်
သက်ရောက်တဲ့အားတွေကိုတွက်ချက်တက်နေပြီလား..
ထောင့်တွေရဲ့အကျဉ်းအကျယ်ကိုဒီဂရီနဲ့ပြကြတဲ့အခါ
တို့တွေရဲ့ဆုံးဆည်းရာကထောင့်ကျဉ်းဖြစ်နေတယ်
ခေတ်တွေ စနစ်တွေ အပြစ်မတင်ချင်တော့ပါဘူး
T တစ်ချောင်းရဲ့အသုံးချမှုကိုမပြည့်မစုံသင်ယူရတဲ့အခါ
ခပ်စောင်းစောင်းမျဉ်းတွေကဖရိုဖရဲထွက်လာတတ်တယ်
တို့တွေကဘေးတိုက်ဖိအားတွေမတွက်တတ်ပဲ
အမြင့်ကိုပျံချင်နေခဲ့ကြသေးတယ်လေ

သူငယ်ချင်းရေ..
တို့မြေအတွက် အုတ်တစ်ချပ်နဲ့သဲတစ်ပွင့်ဖြစ်ခဲ့ချင်ပေမယ့်
လက်သည်းဆိတ်တော့လက်ထိပ်နာလို့
ယုံကြည်မှုတစ်ခုအတွက် ပေးဆပ်
အနာဂတ်တွေနဲ့စတေးလိုက်ခဲ့တယ်
နောက်တော့
ဟိုးးးး အဝေးးးကြီးကို...ပျံသန်း
မခတ်တတ်ခတ်တတ်တောင်ပံတွေနဲ့ပေါ့

သူငယ်ချင်းရေ..
ပုံဆွဲချိန်မှာဖိနပ်အထူကြီးတွေစီးတတ်သူတယောက်
ခုတော့ မျဉ်းတွေရဲ့အထူအပါးကိုကစားတတ်လာပြီ
အနိမ့်မျဉ်းတွေကိုခပ်ပါးပါးဆွဲပြီး
အမြင့်မျဉ်းတွေကိုတော့ခပ်နက်နက်ဆွဲပေးတတ်နေပြီ
တခါတလေလဲ အရောင်တွေနဲ့ကစားတတ်သေးတယ်
ဒါပေမယ့်
မတူညီတဲ့ ကိန်းဂဏန်းတွေကိုညီမျှခြင်းချဖို့ကိုတော့
ခုချိန်ထိ ရူးသွပ်စွာကြိုးစားကြည့်နေသေးတယ်

သူငယ်ချင်းရေ..
ဝမ်းတစ်ထွာအတွက် ပျံသန်းခြင်းမဟုတ်ခဲ့ဘူး
အမြင့်ပျံချင်လို့ပျံသန်းခဲ့ခြင်းလဲမဟုတ်ခဲ့ပါဘူး
ပေါက်လာတဲ့မြက်တွေကိုရစ်ပတ်မျိုချလိုက်ဖို့လဲ
ငါ့လျှာတွေကခုထိကြမ်းတမ်းနေဆဲပါ
တကယ်လို့ အခွင့်ရှိခဲ့မယ်ဆိုရင်
အိပ်တန်းတက်ချိန်မရောက်ခင်လေး
ငါ့အတောင်တွေမညောင်းခင်လေး
တို့တွေရဲ့တည်ဆောက်စအဆောက်အဦးကြီးအတွက်
ဖြူလွှလွှပေပါပေါ်မှာ 2H နဲ့ဆွဲခံရတဲ့
ခပ်မှိန်မှိန် Construction Line တစ်ကြောင်းလောက်တော့
ဖြစ်ချင်မိပါသေးတယ်...။ ။


ရွှေဖယောင်း

No comments:

Post a Comment