Friday, October 12, 2012

စပ်ကူးမတ်ကူးမှာ သမ္မတကြီး နိုဗယ်ဆုနဲ့လွဲတော့ နန်းခင်လေးခမျာ ပဲလေးနဲ့ လှတုန်း

by Moe Kay Khamm on Saturday, October 13, 2012 at 1:38am ·





ဘုရားဟော အလိုအရတော့ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဆိုပဲ
ဟုတ်လိမ့်မယ်၊ အင်္ဂလန်လည်း ဆန်မာရီနို ကို ရှုံးဖို့ခက်တယ်
ဘယ်သူပြောလဲ.. အဲဒီလူစာရင်းမှာသေချာရင် ဂမ်နမ်စတိုင်နဲ့ ဖျော်ဖြေမယ်လို့
သိလား၊ ခင်ဗျားတို့ သိကြလား၊ ပဲဟင်းသောက်ချင်ရင် ဘာအရင် နှုတ်ရတယ်ဆိုတာ
ဝေးးး အခုမှ သတိရတယ်၊ ကြည့်ကန်ရှင်ကြီးကို စာပေနိုဗယ်ဆုပေးမယ် ဆိုရင်ရော
ခေတ်စားနေတဲ့အတိုင်း ဝိုင်းပြီး လက်မှတ်ထိုးကြမယ်၊ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြမယ်
မြန်မြန်ဆန်ဆန်ပဲ တိုက်စားသွားတဲ့ ယဉ်ကျေးမှုတွေ၊ နန်းခင်! ညဉ်း ဘီကီနီလေးပဲ
ဝမ်းနည်းနေရင်လည်း ညွန့်ညွန့်ဆေးပဲစားကြ၊ ကြည့်ကောင်းတဲ့ အထာလေးတွေ
ငြိမ်ငြိမ်သက်သက်လေး ကြည့်နေ ငေးနေ၊ ပြီးတာနဲ့ လိင်မှုဆိုင်ရာအနုပညာ
ပြဿနာက ဒီ ပါဖောင့်မင့်ကို အရူးထီးနဲ့အရူးမ ပြပြနေလို့ ဖျာနဲ့ အုပ်ပေးထားရ
လောလောဆယ်တော့ နောက်ကျောဘက်မှာ ထိုးထားတဲ့ တက်တူးလေးနဲ့
မိတ်ဆွေ! မြို့တော်သူဟာ အင်္ဂါဇာတ်မှာလည်း ငွေကွင်းလေးနဲ့ ဘော်သီးလေးနဲ့
ဘတ်စ်ကားမှတ်တိုင်မှာ ဆင်ခြေဖုံးက ချောင်ကျကျရပ်ကွက်လေးမှာ
ဆာလောင်နေတဲ့အသွေးအသားတွေက ဘိုင်ရွန်ရဲ့ကဗျာကို ထထရွတ်ဖတ်ကြ
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ လို့ ပြောခဲ့တယ် ထင်တာပဲ။ ပြန်ကြည့် ဟုတ်တယ်။ ပြောတယ်
ပွဲချိန်ပြည့် ကစားနိုင်ဖို့ဆို လူဟာ လောကဓံမှာ ကြံ့ခိုင်နေရမယ် (ဖွံ့ဖြိုး-မပါ)
ဒီအနုပညာမှာ သက်ဝင်ဖို့ဆို ခင်ဗျားရော အသက်(၁၈)နှစ်ပြည့်ပြီးဖြစ်ရမယ်
အဆင်ပြေရင် ပင်နယ်တီဧရိယာမှာ ဒိုင်ဗင်ရော လှလှပပထိုးတတ်ကြရဲ့လား
ဘုရားသခင်နဲ့ လူဟာ ကမ္ဘာဦးကတည်းက ကြွေအံကစားခဲ့ကြတာပဲ
အခုများတော့ လူဟာ သူ့ကိုယ်သူ ကြွေအံကစားပြနိုင်ပြီ
ဒီမိုကရေစီကြွေအံ၊ ခေတ်ပြိုင်အနုပညာကြွေအံ၊ ဒစ်ဂျစ်တယ်ကြွေအံ
နိုင်ငံရေးကြွေအံ၊ ဘာသာရေးကြွေအံ၊ အင်ဖော်မေးရှင်းကြွေအံ၊ ခေတ်ဟာ ကာစီနိုပဲ
ကဲ ကြည့်၊ အခု ကြည့်၊ ခင်ဗျားကိုယ်ခင်ဗျား ပစ်ချလိုက်တယ်၊ မှောက်တယ် လန်တယ်
ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ဖတ်ပြီးတဲ့အခါ မျက်နှာ သစ်လိုက်ဖို့တော့ လိုအပ်မယ်
ပြောခဲ့ပြီးသား ဒိဋ္ဌေ ဒိဋ္ဌမတ္တံရယ် ပဲဟင်းရယ် နန်းခင်ရယ် ကြွေအံရယ်
ပြက္ခဒိန်ထဲက ပင်လယ်မှာ ဒီရက်စွဲဟာ ပြက်လုံးဆန်ပြီး လက်ခုပ်မတီးလိုက်ရတဲ့
ကိတ်ဝင်းစလက်ရဲ့ ကိုယ်လုံးတီး ဟန်ရေးပြခန်းပဲ ဖြစ်တယ်၊ အာမင်။

13.10.2012/စနေနေ့ရဲ့အချိန်ဦး 1:08 နာရီတိတိမှာ ပြီးစီးပါတယ်။
 

No comments:

Post a Comment