Tuesday, September 25, 2012

Post titleအမေ့ ကိုလွမ်းလို့ …

ကျနော်ပိုက်ဆံမရှိတဲ့ အခါ
ကျနော့်ပတ်ဝန်းကျင်မှာလည်း ပိုက်ဆံမရှိဘူး။
ကျနော်အဆင်မပြေတဲ့ အခါ
ကျနော့် ပတ်ဝန်းကျင်မှာလည်းအဆင်မပြေကြဘူး။
ဒီလိုပါပဲဗျာ
အပေါင်းအသင်းမိတ်ဆွေဆိုတာ
ဓါးသွားထက်ကပျားရည်စက်ပါ
ရိုးမယ်ဖွဲ့ ရတာလည်း
အမျိုးကိုပဲတွယ်တာတဲ့ စိတ်ကြောင့် ပါ။
အမေရယ်…
ဒီရေနည်းငါးက  တဖျပ်ဖျပ်လူးနေသေးတယ်
အမေ့ သားက ဘ၀မငြိမ်သေးဘူးအမေ
အတုံးလိုက်အတစ်လိုက်  ဘ၀ကိုပြဋ္ဌာန်းရင်း
တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုပြီး
သားမိုက်ပေါင်းလည်းများပြီ အမေ။
ကျနော်ရှိတယ်အမေ
ကျနော်ဖြစ်တယ်အမေ
ကဗျာတစ်ပုဒ်ရေးပြီးတိုင်း  ရင်ထဲပေါ့ သွားသလို
ဘ၀ကို ခေါင်းမာမာနဲ့  ရေးဆဲပဲ
ဒီရင်ဘတ်ကဘယ်လောက်ကော့ နိုင်မှာလဲ
ဒီခေါင်းက ဘယ်လောက်မော့ နိုင်မှာလဲအမေရယ်…
ဒါပေမဲ့   အမေ့ သားကတော့ 
ကော့မြဲ မော့ မြဲပါ
လမ်းတွေက မာတယ်အမေ
ကျနော်ပျော့ ရင်  ဒီလမ်းတွေကိုဘယ်လိုလျှောက်မလဲ
ဒီလမ်းအဆုံးကို ဘယ်လိုရောက်မှာလဲအမေရယ်။
ကျနော်သွားနေသေးတယ်အမေ
ကျနော်သွားနိုင်သေးတယ်အမေ
အရုဏ်ပျပျကိုတော့  ရောက်ကိုရောက်ရမယ်အမေရာ။      ။

လေပြေသုန်
၁၃ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment