Thursday, September 27, 2012

အရေးတော်ပုန်မှာ ရဲခဲ့ တဲ့  ရဲဘော်အပေါင်းရဲ့ ရှေ့ မှာ ဒူးထောက်ပြီးရေးလိုက်တဲ့ ကဗျာ…


တွေးကြည့်ရင်  ဆွေးရိနေတဲ့ ခေတ်မှာ
သွေးရှိခဲ့ တဲ့ သူရဲကောင်းတွေရေ…
ကျနော် ဒီကဗျာကို  ဒူးထောက်ပြီးရေးလိုက်ပါတယ်၊
ဖန်တရာ တေနေတဲ့ 
ဒီမိုကရေစီရေး၊ လူ့ အခွင့် အရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ 
ထူးမခြားနားသီချင်းမှာ
မညီခြင်းမမျှခြင်းတွေနဲ့ 
သာတူညီမျှအရေးကိုတောင်းဆိုခဲ့ ကြတာလည်းအတူတူပါ
ခင်ဗျားတို့ ဖတ်ထားတဲ့ စာတွေနဲ့ 
ခင်ဗျားတို့ သိထားတဲ့ ဝါဒတွေကို
ခဏဘေးမှာထားပြီး
သွေးစည်းညီညွတ်ရေးကို အမှန်အကန်လုပ်ကြရအောင်လားဗျာ
တိုင်းပြည်မှာအရေးတကြီးလိုနေတဲ့ 
သွေးစည်းညီညွတ်ရေးမှာ…
အတ္တမပါကြေး  လုပ်ကြရအောင်လား၊
ထုတ်ပြရင်  ရှုပ်လှတဲ့ ဖြစ်အင်တွေက
လုပ်မရ ကိုင်မရနဲ့ 
ဒီအတိုင်း လက်မှိုင်ချပြီး၊
ငါက ကွန်မြူနစ်
ငါက ဆိုရှယ်လစ်
ငါက လစ်ဘရယ်
ငါက အမျိုးသားရေး
ငါက ပါတီနိုင်ငံရေးဆိုတဲ့ 
ငါတွေကို ခဏထားပြီး
ဘ၀ခါးနေတဲ့  လူထုရဲ့ 
ပူမှုအထွေထွေကို
မြွေပူရာကင်းမမှောက်ဖို့ 
နင်းလျှောက်ရမယ့် ပြာပူမှာ
ငါ…တလူလူတပ်ပြီး ထပ်ပြီး နှစ်ကြဦးမှာလား
အိုင်ဒီယာလော်ဂျီလည်းမမှားသလို
လက်တွေ့ သမားတွေလည်းမမှားပါဘူး၊
ခင်ဗျားတို့ စွဲကိုင်ထားတဲ့  ငါ တွေသာ  အားနည်းချက်ရှိနေတာပါ
ခုချိန်မှာ…
ရေတိမ်နစ်နေတဲ့  တစ်မျိုးသားလုံးကို
ခင်ဗျားတို့  ( ငါ ) ၀ါးတွေနဲ့  ထိုးမနှစ်လိုက်ကြပါနဲ့ 
အမျိုးချစ်ရင်
အဖိုးစစ်လိုက်ကြစမ်းပါဗျာ…။
မြောက်ပိုင်းအရေး
တောင်ပိုင်းအရေးတွေခဏထားပြီး
ဘ၀ခြားသွားတဲ့  ရဲဘော်တွေကို
ပွဲတော်အသစ်  အစစ်တွေနဲ့ 
လွဲချော်မပစ်လိုက်ကြပါနဲ့ ဗျာ။
ရန်သူကို ရယ်စရာဖြစ်အောင်
ရန်သူအားရသွားရင်
ရန်သူပါး ၀၀နဲ့  နှိပ်ပြီးကွပ်ဦးမှာမို့ 
ခင်ဗျားတို့ စိတ်အထွတ်ကို
အဆိပ်လွတ်အောင်လုပ်ကြပါလား
ခါးကိုလည်းညွှတ်
ခွပ်ဒေါင်းတွေရှေ့ မှာဦးညွှတ်
ကျနော်ဒူးထောက်ပြီး ဒီကဗျာကိုရေးလိုက်တယ်…။          ။
                   

                          လေပြေသုန်
                     ၇  စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment