Wednesday, September 26, 2012
မောင်ချောနွယ်ကို သတိရချက်များ
မင်းအိတ်ထဲက ပိုက်ဆံ  ဘယ်ကရသလဲဆိုတာ
ငါ့ ကိုပြောစမ်းပါ…
မင်း နိုင်ငံရေး   ဘာဆိုတာ  ငါပြောပြမယ်။
အမေရိကန်က  နိုင်ငံရေးသမားတစ်ဦးရဲ့   ပြောင်မြောက်တဲ့ စကားပါ…
လူတစ်ဦးချင်းစီရဲ့ ဖြူစင်ရိုးသားမှုဟာ…အဲဒီလူတွေနေထိုင်တဲ့ လူ့ အဖွဲ့ အစည်းရဲ့ ဂုဏ်သိက္ခာကိုပြဋ္ဌာန်းပါတယ်။
ကိုချော ဆယ်နှစ်ပြည့်ပွဲမှာ…
ကျနော်တို့  ကိုချောကဗျာတွေကို အားရပါးရရွတ်ခဲ့ ကြတယ်ကိုချောရေ…
ကိုချောရေ…ကိုချောပြောနေကျစကားကိုပဲပြန်ပြောရမယ်…
အနုပညာမရခင်က လူလည်လုပ်နည်းတတ်ကြတဲ့ ကောင်တွေက
ခင်ဗျားအမှတ်တရပွဲမှာလည်း  လူလည်လာလုပ်နေကြတယ်ကိုချော…
ကိုချောရေ…
ပြောရဦးမယ်…အဲဒီခင်ဗျားကြီးကိုလွမ်းတဲ့ ပွဲမှာ  ခင်ဗျားချစ်တဲ့   ကိုနေကြီးက
ရန်သူ့ နယ်မြေထဲ  ဗုံးဝင်ခွဲတယ်…ကဗျာကွန်မန်ဒိုပေါ့ ဗျာ…
ခင်ဗျားမရှိတော့ တဲ့ နောက်ပိုင်းမှာ  လူလည်လုပ်နည်းတတ်ထားတဲ့ ကောင်တွေက
ကဗျာဆရာသမဂ္ဂဆိုပြီး  ထလုပ်နေကြတယ်ကိုချောရေ…
အဲဒီအကြောင်းတွေ  ခင်ဗျားသိရအောင်   နေထက်နိုင် ရဲ့  ကဗျာကို  တင်ပို့ လိုက်ပါတယ်….
မောင်ချောနွယ်ကို   သတိရချက်များ
ပြည်စကားတောင်ကိုးကွေ့ နဲ့ 
ဧရာဝတီမြစ်အနောက်ဘက်
တောင်ညိုပြာတွေပေါ်
မိုးငွေ့ သမ်းခဲ့ တာ
ဆယ်နှစ်တောင်ကြာခဲ့ ပြီလား
ဆတ်သွား  နဲ့ 
သစ္စာပန်းများနဲ့ မေလ
ငွေဟာ သက်ရှိဖြစ်ပြီး   လူကသက်မဲ့ ဖြစ်တယ်   ဆိုတဲ့    ကိုချောရေ….
အရင်ကထက်
တိုင်းပြည်ကြီးဆင်းရဲပါတယ်
အလုပ်အကိုင်တွေလည်းမကောင်းဘူး
ကိုချော…
တချို့ လူတွေမတရားချမ်းသာကြတယ်
သူတို့ က  ဟစ်တလာနဲ့ ပီမိုးနင်းမြစ်တွေမှာ
ရေအခါခါ ဆင်းကူးကြ
ရေ အခါခါဆင်းချိုးရဲကြတယ်
အခုတော့ လူနည်းစုထောက်ခံတဲ့ 
ကဗျာဆရာသမဂ္ဂကို
ကိုကြီးစိမ်းကဦးဆောင်တယ်
ဒီမိုကရေစီနည်းကျတော့ မဟုတ်ဘူး
ကိုချောရဲ့ ….
သူ့ လူတွေနဲ့ သူဟုတ်တော့  နေဆဲပဲ။
သူတို့ က နိုင်ငံရေးသမား မပါရဘူး တဲ့ 
ခင်ဗျားညီမလေး မမမြင့် နဲ့ 
အိမ်ရှင်မတွေရော နိုင်ငံရေးကင်းလို့ လား
ကိုချောရယ်…
ခင်ဗျားရဲ့  ပျဉ်းမနားက
ဖျံဖမ်းသမားကြီး
ကြံခင်းတွေထဲ ဖျံဖမ်းတဲ့ 
ကျနော်တို့ အကို  ကိုသင်းခိုင်
ကဗျာဆရာသမဂ္ဂကိုမထောက်ခံဘူး
ကိုအောင်ချိမ့် လည်း မထောက်ခံဘူး
မန္တလေးက  ငြိမ်းသစ်ဆိုတဲ့  ကဗျာဆရာလည်းမထောက်ခံဘူး
မောရူးဆိုးလည်းမပါဘူး
ကိုချောရဲ့ 
ရန်ကုန်မြို့ ကြီးလား
ကုန်သည်ကြီးများမြို့ ဖြစ်သွားပြီ
မင်းနေပြည်တော်မဟုတ်တော့ ဘူး
ကိုချောရဲ့ 
လမ်းတွေက ချိုင့် ကျင်းထူပေမယ့် 
ဇိမ်ခံကားတွေ ပေါပါတယ်…
ဘတ်စ်ကားတွေ
ခင်ဗျားရှိတုန်းကထက်
စီးရတာပိုဆိုးလာတယ်
ကားစပယ်ယာတွေ  ပိုရိုင်းလာတယ်
ခရီးသည်တွေက  ငါးသေတ္တာဖြစ်ပြီး
ယာဉ်ပိုင်ရှင်တွေက
ငါးသေတ္တာထုတ်တဲ့   စက်ရုံတွေဖြစ်လာတယ်….
ဒီလိုပါပဲ ကိုချောရယ်
ကျနော်တို့ ချစ်တဲ့  အန်တီစုလည်း
လွှတ်တော်တက်နေရတယ်
ရန်ကုန်မှာမဟုတ်ဘူး
နေပြည်တော်လို့ ခေါ်တဲ့ 
ခင်ဗျားသေမှဆောက်တဲ့ မြို့ ပဲ…
အညာမှာ လူငယ်လူရွယ်တွေမရှိဘူး
ဧရာဝတီမှာ
တောင်တန်းနဲ့ တောင်ရိုးတွေမှာ
လူငယ်တွေမရှိကြဘူး
ထန်းတက်မယ့် သူလည်းမရှိ
ငါးဖမ်းမယ့်  သူလည်းမရှိ
စပါးစိုက်မယ့် သူလည်းမရှိ
ဆိတ်ကျောင်းမယ့် သူလည်းမရှိ
အိမ်မိုးမယ့် သူလည်းမရှိ
ရွာလိုရွာတော့   မိုးနတ်သားလည်းမရှိ
သူတို့ လား
တရုပ်ပြည်နယ်စပ်
ယိုးဒယားနယ်စပ်နဲ့ 
မလေးရှားကိုသွားကြတယ်။
ဟုတ်တယ်ကိုချောရဲ့ 
ကချင်မှာစစ်ဖြစ်လို့ 
စစ်ပြေးဒုက္ခသည်တွေ
ခေါင်းမီးတောက်နေကြတယ်…
ဧရာဝတီကို
ပြန်ရထားတယ်ကိုချောရဲ့ 
တောခုတ်တော့ 
တောင်တွေမြင်ရသေး
ရွှေတူး  ကျေက်ရှာတော့ 
တောင်တွေလည်းပျောက်
မြစ်တွေ  ငါးတွေ ပျောက်
လူတွေ ဒုက္ခရောက်တယ်
ကိုချောရယ်…
ကျနော်တို့ လိုချင်တောင့် တခဲ့ တဲ့ 
အရုဏ်ဦးကတော့ 
မီးအားမပြည့်တဲ့ ဘတ်သီးတစ်လုံးကို ကြည့်နေရသလိုပဲ
အရှေ့ အလည်ပိုင်းမှာတော့ 
ဆဒ္ဒန်ကြီးလည်းသေ
ကရာဖီလည်းသေ
ဆီးရီးယားကတော့ 
သေနတ်သံတွေ တဖျောက်ဖျောက်
ဗုံးခွဲသံတွေ
ပစ်ခတ်သံတွေ တ၀ုန်းဝုန်း
ဒိုင်းသံကြီးတွေနဲ့ ပေါ့ ကိုချောရဲ့ 
ကျနော်တို့ ကတော့ 
ပြည်သူတွေလည်းကောင်းခဲ့ ပါတယ်
နိုင်ငံရေးပါတီတွေလည်းကောင်းခဲ့ တယ်ပေါ့ 
လှုပ်ရှားတက်ကြွသူတွေ
သတင်းထောက်တွေ
ကဗျာဆရာတွေ
ကောင်းခဲ့ ပါတယ်….
ကိုချောရယ်….
ကျနော်တို့ သွးလေရာရာ
ရန်ကုန်ညမြို့ ကြီးက
ယာဉ်ကြောတွေ  ကြောက်ခမန်းလိလိ
လူကူးမျဉ်းဝါတွေမှာ
အသက်ဖက်နဲ့ ထုပ်ပြီး
လမ်းကူးကြတယ်
ဘတ်စ်ကားတွေကတော့ 
တစ်နေ့ လုံးကျပ်တယ်ကိုချောရယ်
ညနေခင်းတွေဆို
လမ်းဘေးဈေးဆိုင်တွေနဲ့ 
ငါးကင်ညှော်နံ့ တွေနဲ့ 
ပေါင်တံတွေဝင်းဝင်းစက်စက်
အလှပြလမ်းလျှောက်ကြတဲ့ 
ပန်းနုရောင်ညနေခင်းတွေနဲ့ ပေါ့ ကိုချောရယ်….
ဘ၀တိုတိုမှာ
လှကိုနဲ့ ခင်ဗျားတွေ့ ကြတဲ့ 
ညနေခင်းတွေလည်း
ကြက်ကလေး  ငှက်ကလေးတွေလို ပျောက်သွားပြီ
ကျနော်တို့ လည်း   ဖိုးတူးမရောက်တော့ ဘူး ကိုချောရဲ့ 
ရောင်နီလာလုပေါ့   မှာ
လှသန်းခမျာ  ဆုံးရှာပြီကိုချောရဲ့ 
ပြည်သူတွေဆန္ဒရှိရာကို
ပြည်သူတွေရောက်အောင်သွားမှာပါ
အသွင်ကူးပြောင်းရေးကာလမှာ
ခွပ်ဒေါင်းတွေကလည်း
လေဆန်ကိုခွဲ
ပျံဝဲနေပြီ ကိုချောရဲ့ 
ခင်ဗျားလည်းကောင်းခဲ့ ပါတယ်
ကျနော်တို့ လည်းညံ့ခဲ့ ပါတယ်
အားလုံးတော့ လည်းမကောင်းဘူး
ဤမြေပေါ်မှာ
မေတ္တာတရားတွေ စမ်းလိုစီးပါစေ
ဤမြေပေါ်မှာ
သာယာသောငှက်ကလေးများ
မနက်စောတေးသီပါစေ
ဤမြေပေါ်မှာ
ပျော်ရွှင်ခြင်းမင်္ဂလာလည်းရှိပါစေပေါ့ 
မစ္စတာချောရေ…
ကိုချောရေ….
လိမ္မော်သီးကားတွေမှောက်ခဲ့ တဲ့ 
စက်တင်ဘာ မိုးညိုတွေထဲ မှာ
ခင်ဗျားရဲ့  နောက်ဆုံးရွှေမြို့ တော်ဟာ
ကဗျာဆရာတွေပေါ့  ဗျာ။                ။
နေထက်နိုင်
၂ စက်တင်ဘာ ၂၀၁၂
အဲ့ ဒီကဗျာလည်းကိုနေကြီးရွတ်ပြီးတော့   မောင်လင်းရိပ်တို့    သစ္စာနီတို့ ခမျာ    ဒရောသောပါးနဲ့ ထရှင်းလိုက်ကြတာ
အနာပေါ် တုတ်ကျသွားပုံရတယ်ကိုချော      ခင်ဗျားကြီးရှိနေစေချင်တယ်…
သွားတွေပေါ်အောင်  ရယ်နေမှာ  မြင်ယောင်နေတယ်…ကိုချောရယ်…
ခင်ဗျား  ဆယ်နှစ်ပြည့် အမှတ်တရကတော့   တကယ့်ကို  အဆီနဲ့ တ၀င်းဝင်းဖြစ်ခဲ့ ပါတယ်ကိုချော….
No comments:
Post a Comment